Friday, July 05, 2013

ကေဆောင်စက်မှုဇုန်နှင့် ပတ်သက်၍ ဆွေးနွေးပွဲသစ် ပြုလုပ်ရန် တောင်ကိုးရီးယား အဆိုပြု


Friday, July 5, 2013

တောင်ကိုးရီးယား နိုင်ငံသည် ပိတ်ထားသော ကေဆောင်စက်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးပွဲသစ် ပြုလုပ်ရန် မြောက်ကိုးရီးယားအား အဆိုပြုထားကြောင်း အစိုးရပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

မြောက်ကိုးရီးယားက နယ်စပ်အရေးပေါ်ဆက်သွယ်လိုင်း ပြန်လည်အသုံးပြုပြီး တောင်ကိုးရီးယားမှစီးပွားရေး သမားများနှင့် မန်နေဂျာများ စက်မှုဇုန်တွင်းသို့ ဝင်ရောက်ကာပိတ်ထားသည့်စက်ရုံများကိုစစ်ဆေးခွင့် ပြုကြောင်း ကြေညာပြီးနောက် တောင်ကိုးရီးယားက ၎င်းအဆိုပြုချက် ထုတ်ပြန်ခြင်း ဖြစ်သည်။


ပေါင်းစည်းရေး ဝန်ကြီးဋ္ဌာနသည် လာမည့်စနေနေ့တွင် နယ်စပ်အနီး ပန်မွန်ဂျန်ရွာ၌ တဘက်စီမှ အရာရှိ သုံးဦးစီ စေလွှတ်ကာ ဆွေးနွေးပွဲ ပြန်လည်ကျင်းပရန် သတင်းစကား ပေးထားကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ကင်ဟောင်ဆော့က ပြောကြားသည်။

“နှစ်ဘက်ဟာ စက်ရုံတွင်း ပစ္စည်းတွေနဲ့ ကိရိယာတွေ စစ်ဆေးရေးကို ဆွေးနွေးမှာဖြစ်တယ် ပြီးတော့ စက်မှု ဇုန် ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးမှာဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။မြောက်ကိုးရီးယားဘက်မှ ချက်ချင်း တုံ့ပြန်စကားမဆိုသေးပေ။ လွန်ခဲ့သည့်လအတွင်း စီစဉ်ခဲ့သည် နှစ်ဘက် ရာထူးကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးရေးသည်တက်ရောက်မည့်ပုဂ္ဂိုလ် ရာထူးအဆင့်ကိစ္စ နှစ်ဘက် အငြင်းပွားခြင်းကြောင့် ကျင်းပချိန် နီးကပ်နေဆဲတွင် မြောက်ကိုးရီးယားဘက်မှ ပယ်ဖျက်ခဲ့သည်။

ပေါင်းစည်းရေးဝန်ကြီးရိုကီဂျေးက တောင်ကိုးရီးယားသည် မြောက်ကိုးရီးယားနှင့် ရလာဒ်မရှိသည့် ဆွေးနွေး ပွဲ ကျင်းပရန် အလျင်စလို လုပ်မည်မဟုတ်ကြောင်း ပြောကြားပြီး သတိထားရန် ပြောကြားသည်။ကျွန်တော် တို့ရဲ့ တာဝန်ကတော့ ပြဿနာကို စေ့စပ်ဆွေးနွေးခြင်းဖြင့် အဖြေရှာဖို့ ဆိုပေမယ့်မြောက်ကိုးရီးယားဘက်က လက်မခံနိုင်လောက်တဲ့ တောင်းဆိုမှုတွေတောင်းဆို လာရင်တော့ လက်ခံမှာ မဟုတ်ဘူး”ဟု ၎င်းက ပြော ကြားသည်။

ကေဆောင် စက်မှုဇုန်တွင် မြောက်ကိုးရီးယားလုပ်သား ငါးထောင်ကျော် လုပ်ကိုင်နေပြီးတောင်ကိုးရီးယား ပိုင် စက်ရုံတစ်ရာကျော်ရှိကာ ၎င်းစက်မှုဇုန်သည် တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံပူးတွဲလုပ်ဆောင်သည့် အမှတ်အသား တစ်ခုဖြစ်ပြီး မြောက်ကိုးရီးယား နိုင်ငံအတွက် ဝင်ငွေများစွာ ရရှိစေသည့် နေရာဖြစ်သည်။ ဆိုးလ်ရှိ ဒေါဂတ်တက္ကသိုလ်မှ ပါမောက္ခ ကင်ယွန်ဟွန်က ကြာသပတေးနေ့တွင် တောင်ကိုးရီးယား၏ အဆိုပြုချက်ကို ပြည်သူများ၏ နေထိုင်မှုအဆင့်အတန်းများ တိုးတက်လာရေးနှင့်နိုင်ငံတွင်းအထူးစီးပွားရေးဇုံ တည်ထောင်ရန် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး ကြိုးပမ်းနေသည့်မြောက်ကိုးရီးယား တို့သည် အပြုသဘော ပြန်လည်တုန့်ပြန်ဖွယ်ရှိကြောင်း ပြောကြားသည်။

၎င်းတက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ကိုယူဟွန်ကလည်း မြောက်ကိုရီးယားသည် အမေရိကန်က ၎င်းတို့နှင့် မဆွေးနွေးမီ တောင်ကိုးရီးယားနှင့် ဆက်ဆံရေး တိုးတက်ရန် တောင်းဆိုထားခြင်းကိုလည်း စိတ်ထဲထားရှိကြောင်း ပြောကြားသည်။လွန်ခဲ့သည့် လအတွင်း ကိုးရီးယားနှစ်နိုင်ငံ ရာထူးကြီးပုဂ္ဂိုလ်များ တွေ့ဆုံပွဲပျက်ပြားခဲ့ပြီးနောက် မြောက်ကိုးရီးယားသည်အမေရိကန်အစိုးရနှင့် အဆင့်မြှင့်ဆွေးနွေးပွဲကျင်းပ ရန် ကမ်းလှမ်းခဲ့သည်။

မြောက်ကိုးရီးယားက နျူကလီးယား လက်နက်ကို စွန့်လွှတ်မည် မဟုတ်ကြောင်း ပြောကြားထားပြီး အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း ပြောကြားသည်။ သို့သော် အမေရိကန်နှင့်တောင်ကိုးရီးယားတို့က မြောက်ကိုးရီးယားသည် နျူကလီးယား အစီအစဉ် စွန့်လွတ်ခြင်းကို ကတိထားရမည်မှာ ပထမဦးဆုံး လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ကြောင်း ပြောကြားကြသည်။

မြောက်ကိုးရီးယား၏ ပထမဆုံး ဒုနိုင်ငံခြားရေးဝန်ကြီး ကင်ကီဂွန်သည် ၂၀၀၈ခုနှစ် ဒီဇင်ဘာက စတင် ရပ်နားခဲ့သည့် ခြောက်နိုင်ငံ နျူကလီးယားဆွေးနွေးပွဲ ပြန်လည်ကျင်းပရေး ဆွေးနွေးရန် မော်စကိုသို့ ရောက်ရှိနေသည်။

လွန်ခဲ့သည့်လအတွင်း ဘေဂျင်း၌လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝန်ယီနှင့် တွေ့ဆုံကာ ၎င်းဆွေးနွေးပွဲ ပြန်စနိုင်ရေး ဆွေးနွေးခဲ့သည်။

The Myanma Age

No comments: