Thursday, July 04, 2013

ထားဝယ်-ပုနမ်ရွန်လမ်း ၂၅-၃၈ ကီလိုမီတာ အကြားရှိ ခြံပိုင်ရှင် ၁၃ ဦးကို လျော်ကြေးငွေ သိန်း ၁၂၆၀ ပေးအပ်


Thursday, 04 July 2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် ပူနမ်ရွန်သို့ ဆက်သွယ်ဖောက်လုပ်ထားသည် အရှည် ၁၇၀ ကီလိုမီတာ (၁၀၆ မိုင်) ရှိ ဟိုင်းဝေးလမ်းမ ဖောက်လုပ် ရာတွင် ပါဝင်ခဲ့သည့် ဒေသခံများ၏ ဥယျာဉ်ခြံမြေများ ဆုံးရှုံးနစ်နာမှုကို စီမံကိန်း တည်ဆောက်သူဖြစ်သည့် အီတာလျှံ-ထိုင်း ကုမ္ပဏီမှ လျော်ကြေးပေးအပ်ခဲ့ခြင်း မရှိသဖြင့် ဒေသခံ ခြံပိုင်ရှင်တစ်ဦးက တရားစွဲဆိုရန် စီစဉ်ထားမှုမှာ ဇွန် ၂၂ ရက်တွင် ကုမ္ပဏီမှ ခေါ်ယူညှိနှိုင်းခဲ့သဖြင့် တရားစွဲဆိုရန် စီစဉ်မှုကို ဆိုင်းငံ့ထားခဲ့ပြီး နစ်နာခဲ့သော ခြံမြေအား ကုမ္ပဏီမှ လာရောက်တိုင်းတာ စစ်ဆေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်တွင် ကုမ္ပဏီအား တရားစွဲဆိုရန် စီစဉ်ခဲ့သည့် ရေဖြူမြို့နေ ဦးဝင်းလွင်ဦးနှင့် လမ်းဖောက်လုပ်ထားသည့် ၂၅-၃၈ ကီလိုမီတာ အတွင်းရှိ ခြံပိုင်ရှင် ၁၃ ဦးကို စီမံကိန်းရုံး အခြေစိုက်ရာ နဘုလယ်ဒေသရှိ အထောက်အ ကူပြု အဖွဲ့ရုံးသို့ ခေါ်ယူပြီး လမ်းဖောက်လုပ်မှုအတွက် နစ်နာကြေးအဖြစ် ကျပ်သိန်း ၁၂၆၀ လျော်ကြေး
ပေးအပ်ခဲ့ကြောင်း သိရသည်။


"ဦးတရားစွဲဖို့ စီစဉ်ပြီး နောက်တစ်နေ့  ဇွန် ၂၂ ရက်မှာ သူတို့ရုံးကိုခေါ်ပြီးဆွေးနွေးခဲ့တယ်။ လျော်ကြေးငွေ ကိစ္စအတွက် ပြေလည်အောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ ၂၄ ရက်မှာ ခြံထဲကို ဦးတရားစွဲဖို့ လုပ်ထားတဲ့ Road Link To Thailand က Project မန်နေဂျာ ထိုင်းလူမျိုး Mr.Phaiboon နဲ့အဖွဲ့ အယောက် ၂၀ လောက် စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ ဦးခြံထဲက ဆုံးရှုံးသွားတဲ့အပင် ၆၀၀ အတွက် လျော်ပေးဖို့ ကျပ်သိန်း ၁၃၅ ရှစ်သောင်းနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဇူလိုင် ၁ ရက်မှာတော့ ဦးအပါအ၀င် ၂၅-၃၈ ကီလိုမီတာ အတွင်းက ခြံပိုင်ရှင် ၁၃ ဦးကိုခေါ်ပြီး လမ်းဖောက်လုပ်မှု နစ်နာကြေးအဖြစ် ကျပ် ၁၂၆၀ သိန်း ပေးခဲ့ပါတယ်။ ၃၉-၅၂ ကီလိုမီတာအကြားက တလိုင်းယာချောင်းဖျား ရေပုတ်ဘက်မှာဆိုရင် လျော်ကြေးမရသေးတဲ့ ခြံပိုင်ရှင် ၃၀ ကျော်လောက် ကျန်သေးတယ်။ အဲဒါတွေကိုလည်း အမြန်ဆုံးလျော်ပေးနိုင်ဖို့ လိုပါတယ်" ဟု ဦးဝင်းလွင်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အီတာလျံ-ထိုင်း ကုမ္ပဏီကို တရားစွဲဆိုရန် ဇွန် ၂၁ ရက်က ရေဖြူမြို့နယ် ရဲစခန်း၌ ဦးဝင်လွင်ဦးမှ အကျိုးနစ်နာစေမှု ပုဒ်မ ၄၂၇ ဖြင့် တရားစွဲဆိုနိုင်ရန် တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ တိုင်ချက်ဖွင့်ပြီး ၁၀ ရက်ခန့်အကြာတွင် ကုမ္ပဏီမှ လျော်ကြေးငွေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။ အီတာလျံ-ထိုင်း ကုမ္ပဏီမှ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရာ၌ ဒေသခံများ အား ပေးလျော်ရန် အများအပြား ကျန်ရှိနေသေးပြီး စီမံကိန်း၏ အချို့ တ၀က်ကိုသာ ပေးလျော်ထားခဲ့သေး ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

eleven media group

No comments: