Wednesday, 10 July 2013
ပြည်သူ့ ဝန်ဆောင်မှုများ လုံလောက်ခြင်းမရှိဘဲ ဆင်းရဲ နွမ်းပါးနေသောဒေသများတွင် တာဝန် ထမ်းဆောင် ရေးအတွက် ဆရာဝန်ပေါင်း ၁၀,၀၀၀ ကို ငှားရမ်းရန် ဘရာဇီး အစိုးရက စီစဉ်နေကြောင်း BBC သတင်း တွင် ဖော်ပြထားသည်။
ဘရာဇီး အစိုးရ၏ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွင် နိုင်ငံခြားသား ဆရာဝန်များကို ငှားရမ်း သွားမည် ဖြစ်သလို တက္ကသိုလ်များ၏ ဆေးပညာ သင်ကြားရေး သင်ရိုးများကိုလည်း ပြုပြင်ပြောင်းလဲမည် ဖြစ်သည်။
၂၀၁၅ ခုနစ်မှစ၍ ဆေးကျောင်းသားများ အနေနှင့် စာသင်နှစ် ခြောက်နှစ်၊ ပြည်သူ့လုပ်ငန်း နယ်ပယ်တွင် တာဝန် ထမ်းဆောင်မှု ၂ နှစ် စုစုပေါင်း ရှစ်နှစ်တိတိ တာဝန် ထမ်းဆောင်ပြီးမှ ဘွဲ့ရရှိမည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဘရာဇီးနိုင်ငံ၏ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်း ညံ့ဖျင်းမှုများ၊ အကျင့်ပျက် လာဘ်စားမှုများနှင့် အခြားသော စွမ်းဆောင်ရည် မပြည့်ဝမှုများကို ပြည်သူ သန်းပေါင်းများစွာက လမ်းမပေါ်ထွက် ဆန္ဒပြပြီးနောက် ယခု ကဲ့သို့သော ပြုပြင် ပြောင်းလဲမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဗြိတိန်နှင့် ဆွီဒင်နိုင်ငံများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နမူနာယူပြီး ‘ဆရာဝန်များ’ အစီ အစဉ်ကို ဖော်ထုတ်ခြင်းဖြစ်ကြောင်း ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။
ထို့အပြင် ပြည်တွင်း ဆရာဝန်များနှင့် မလုံလောက်မှသာ နိုင်ငံခြား ဆရာဝန် များ ငှားရမ်းသွားမည်ဟု ဘရာဇီး အစိုးရ အရာရှိများက ပြောကြားသွားသည်။
“ဆရာဝန်များ အစီအစဉ်ရဲ့ ရည်မှန်းချက်က နိုင်ငံခြားသား ဆရာဝန်တွေ ငှားရမ်းဖို့ မဟုတ်ပါဘူး။ ဝေးလံ ခေါင်သီတဲ့ ပြည်တွင်းဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတိုးမြှင့်ဖို့ပါ”ဟု ဘရာဇီး သမ္မတ ဒိုင်မာ ရော်ဆက် က ပြောကြားသွားသည်။
အဆိုပါ အစီအစဉ်အရ ဘရာဇီးနိုင်ငံသားများ လက်ရှိ ကြုံတွေ့နေရသော ဆရာဝန် မလုံလောက်မှု ပြဿနာများ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ရေရှည် အတွက်လည်း အကျိုးဖြစ်ထွန်းမည်ဟု ဘရာဇီး အစိုးရက ထုတ်ပြန် လိုက်သည်။
ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ ငှားရမ်းမည့် ဆရာဝန်များကို တစ်လ လျှင် အမေရိကန် ဒေါ်လာ ၄၅၀၀ ခန့် ပေးအပ်မည် ဖြစ်သည်။
ကျူးဘား ဆရာဝန်များကိုငှားရမ်းပြီး ဘရာဇီးကျေးလက်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ လုပ်ဆောင်ရေး အစီအစဉ် မှာလည်း ဘရာဇီး ဆရာဝန်အသင်းများ၏ အပြင်းအထန်ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ဘရာဇီး သမ္မတ၏ လက်ရှိ အစီအစဉ်ကိုလည်း ဆန့်ကျင် ကန့်ကွက်သွားမည်ဟု ဆေးပညာ ဖက်ဒရေးရှင်းက ထုတ်ပြန်သွားပြီး သမ္မတ အမိန့်ကို တရားစွဲဆိုသွားမည်ဟု စိန်ခေါ်ထားသည်။
ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်သော ပြဿနာသည် ပြည်သူ အများစု ခံစားနေရသော ပြဿနာဖြစ်ပြီး ယင်းပြဿနာကို ဆန္ဒပြပွဲများတွင် မကြာခဏ ထုတ်ဖော် ကန့်ကွက်လေ့ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

No comments:
Post a Comment