Tuesday, July 02, 2013

အခြေခံဥပဒေသစ်ရေးဆွဲရေး နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့ အားလုံး ပူးပေါင်း လုပ်ဆောင်ရန် ညှိနှိုင်းမည်

Tuesday, July 2, 2013 

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ ပူးပေါင်း လုပ်ဆောင်နိုင် ရန် နိုင်ငံရေး အဖွဲ့အစည်းပေါင်း ၇၀ ကျော်မှ ခေါင်းဆောင်များ တွေ့ဆုံ ကာ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ယင်းညှိနှိုင်းရေး အစည်းအဝေး ဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးစိုင်းထွန်းအေးက The Voice သို့ ပြောကြားသည်။

အဆိုပါ ညှိနှိုင်းရေး အစည်းအဝေးကို တော်ဝင်နှင်းဆီ ခန်းမ၌ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြုလုပ်မည့် သက်ကြီး ဝါရင့် နိုင်ငံရေးသမားများ ဂါရဝပြုပွဲတွင် စတင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ရေးဆွဲနိုင်ရေးအတွက် ညီလာခံ တစ်ရပ် ခေါ်ယူရာတွင် တိုင်းရင်းသား လူမျိုးများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အပါအဝင် ဒီမိုကရက်တစ် အင်အားစုများ ပူးပေါင်း လုပ်ဆောင်ရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မြန်မာ့သမိုင်းမှာ အစိုးရမပါတဲ့ တိုင်းရင်းသားအားလုံး ပထမဆုံးအကြိမ် ဆုံစည်းမှုအဖြစ် မှတ်တမ်းတင်နိုင် ပါလိမ့်မယ်” ဟု ဦးစိုင်းထွန်းအေးက ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်က ပညာရှင် များနှင့် နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်သည့် ကော်မရှင်မျိုးဖွဲ့စည်းပြီး လွှတ်တော်ပြင်ပအင်အားစုများ၏ ထင်မြင်ချက်များကို
နားထောင် ပေး သင့်ကြောင်း သီပေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက အကြံပြုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲနိုင်ရေးအတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ ညီလာခံတစ်ရပ် ခေါ်ယူမည်ဆိုသော အချက်ကို ကရင်ပြည်နယ် ဆုံဆည်းမြိုင် ကျေးရွာတွင် ဇွန်လ ၁၅ရက်မှ ၁၇ ရက်နေ့ အထိ ပြုလုပ်သော ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲသို့တက်ရောက် လာသည့် အဖွဲ့အစည်း ၃၈ ဖွဲ့မှ ကိုယ်စားလှယ် ၈၄ ဦး က သဘောတူထားသည်။

The Voice Weekly

No comments: