Saturday, 06 July 2013
လွှတ်တော်မှ မေးမြန်းသော မေးခွန်းများကို လွှတ်တော်တွင်း၌ လာရောက်ဖြေကြားရာတွင် မေးခွန်းကို ပြည့်ပြည့်စုံစုံ ဖြေကြားနိုင်သည့် ၀န်ကြီးဌာနကို တာဝန်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်အစည်းအဝေးက တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြောကြားသည်။
ဇူလိုင် ၅ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မေးခွန်းကို အားကစား ၀န်ကြီးဌာနမှ ပြန်လည် ဖြေ ကြားရာတွင် မပြည့်စုံသည့် အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ နှစ်စဉ်ပြည်ထောင်စုနေ့ အခမ်းအနားကို အမြို့မြို့အနယ်နယ်များ၌ တစ်ပြေးညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန်နှင့် ပြည်ထောင်စု အလံတော်ကို သယ်ဆောင်ခြင်း ပြန်လည်ဖော် ထုတ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်းကို အားကစားဝန်ကြီး ဌာနကသာ လာရောက် ဖြေကြားခဲ့သည်။
သို့ရာတွင် မေးမြန်းသည့် မေးခွန်းကို ပြည့်စုံစွာ ဖြေကြားနိုင်ခြင်း မရှိသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''မေးခွန်းရဲ့ ဖြေဆိုမှုပိုင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ဌာနဆိုင်ရာများကို လွှတ်တော်က
ပြန်လည်အသိပေးလိုပါတယ်။ မေးခွန်းများဟာ လွှတ်တော်ဥက္ကဋ္ဌကို ဦးတည်ပြီးတော့ မေးလာကြပါတယ်။ ဒီမေးခွန်းများကို ပြည်ထောင်စု အစိုးရအဖွဲ့ကို ပို့ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က မေးခွန်းများ ဖြေနိုင် ပြီဆိုသည့် အကြောင်းပြန်ကြားချက် လာပါတယ်။ အကြောင်းပြန်ကြားချက်များ အပေါ်မူတည်ပြီး လွှတ်တော် အစည်းအဝေး အစီအစဉ်များမှာ ထည့်သွင်း ဆောင်ရွက်ပါတယ်။ ဒီနေ့ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မေးခွန်းကို ပြည်ထောင်စု အစိုးရက အားကစားဝန်ကြီးဌာနကိုဖြေကြားဖို့ တာဝန်ပေးပါတယ်။ ဖြေဆိုတဲ့နေရာမှာ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကိုပဲ ဖြေသွားတာဖြစ်ပါတယ်။ သို့ရာတွင် မေးတဲ့ မေးခွန်း အပေါ်တော့ ပြည့်ပြည့်၀၀ ဖြေနိုင်ခြင်း မရှိပါ။ ဒါလည်း သဘာဝကျပါတယ်။ မေးတဲ့မေးခွန်းကို ပြည့်ပြည်၀၀ ဖြေဆိုပေးနိုင်ဖို့ အစိုးရအဖွဲ့ကို ကျွန်တော် အကြောင်းကြားပါမယ်။ မေးတဲ့မေးခွန်းကို ပြည့်ပြည် ၀၀ ဖြေကြားနိုင်ဖို့ လွှတ်တော်က ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြော ကြားသည်။
လွှတ်တော် အစည်းအဝေးများတွင် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ၀န်ကြီးဌာန အချို့က တိတိ ကျကျ ပြန်လည် ဖြေဆိုခြင်း မရှိဘဲ လုပ်ငန်းဆောင်ရွက်ချက် နည်းလမ်းကိုသာ ပြန်လည်ဖြေဆိုမှု များပြား
သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ပြောကြားသည်။
eleven media group
No comments:
Post a Comment