Monday, July 29, 2013

မန္တလေးသို့ နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုနှုန်း မြင့်တက်

Monday, July 29, 2013



မန္တလေးတိုင်းဒေသကြီးသို့ ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်မှုနှုန်း သည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ပိုမိုမြင့်တက်လာခဲ့ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ညွှန်ကြားမှုဦးစီးဌာန(မန္တလေး ဌာနခွဲ)ထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မန္တလေးမြို့တော်၊ ပုဂံ ညောင်ဦး မြို့နှင့် ပြင်ဦးလွင်မြို့တို့သို့ နိုင်ငံခြား သား ခရီးသွားဧည့်သည် ဝင်ရောက်မှု ၁၄၂,၀၉၅ ဦး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် အလားတူ ကာလတွင် ယင်းမြို့များ သို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၀၆,၀၀၂ ဦး ရှိကြောင်း အဆိုပါဌာန နိုင်ငံခြားခရီးသည်ဝင်ရောက်မှု မှတ်တမ်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်မှုအများဆုံးလူမျိုးသည် တရုတ် နိုင်ငံသားများဖြစ်ပြီး ပြင်သစ်နိုင်ငံသားမှာ ဒုတိယအများဆုံးဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ဆိုသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသို့ ပိတ်ဆို့ တားဆီးမှု အချို့ ဖယ်ရှားပေးပြီးနောက် အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် သမိုင်းဝင် လာရောက် လည်ပတ်မှုများရှိခဲ့ခြင်းကြောင့် နိုင်ငံတကာမှ စိတ်ဝင် စားမှုခံခဲ့ရကြောင်း၊ ကမ္ဘာ့လှည့်ခရီးသွားအမျိုးအစားများစွာ ရှိသော်လည်း မြန်မာနိုင်ငံသို့ ရိုးရာယဉ်ကျေးမှု ကို လေ့လာလိုသော ခရီးသွားများ ဝင်ရောက်မှုများပြီး စီးပွားရေးအရ လာရောက်သော ခရီးသွားဝင်ရောက် မှု နည်းပါးသေးကြောင်း မန္တလေးဇုန် ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်တွင် မြနန်းစံကျော် ရွှေနန်းတော်၊ ရွှေကျောင်းကြီး၊ အမရပူရ ဗားကရာ၊ အင်းဝ ဗားကရာ၊ မယ်နု အုတ်ကျောင်း၊ တောင်သမန်အင်း စသည့်နေရာများကို နိုင်ငံခြားသားခရီးသွားများ လည်ပတ်မှုများ ပြီး ပြင်ဦးလွင်မြို့၌ အမျိုးသားကန်တော်ကြီး ဥယျာဉ်(ရုက္ခဗေဒ ဥယျာဉ်)၊ ပိတ်ချင်းမြောင်တို့ကို လည်ပတ်မှု များကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

The Voice Weekly

No comments: