Tuesday, July 09, 2013

စီးကရက်သောက်သူများအတွက် သတင်းကောင်း


Tuesday, July 9, 2013





လန်ဒန်စီးကရက် မြန်မာပြည် ပြန်လာတော့မယ်တဲ့။ စီးကရက် ကုမ္ပဏီက ရန်ကုန်မှာ သောကြာနေ့က သတင်းထုတ်ပြန်ပါတယ်။

လန်ဒန်ရဲ့ မူရင်းကုမ္ပဏီဝက်ဆိုက်မှာ ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့ ရှူရသူတွေ ဒုက္ခရောက်ရပုံ၊ ရောဂါ ရကြပုံတွေကို သံတမန်သုံး စကားလုံးတွေနဲ့ ရေးထားပါတယ်။

ကနဦးအနေနဲ့ ၀န်ထမ်း ၄ဝဝ လောက် ခန့်ထားမယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

လန်ဒန်စီးကရက်ရဲ့ ထိပ်တန်းအရာရှိကြီးတဦးဖြစ်တဲ့ Rehan Baig က

“သမိုင်းကြောင်းအရဆိုရင် British American Tobacco အနေနဲ့ မြန်မာနိုင်ငံမှာ ဈေးကွက် ဦးဆောင် မှုနေရာ ရှိခဲ့ဖူးပြီး၊ ဒီအစဉ်အလာကောင်းခဲ့တဲ့သမိုင်းကို partner company နဲ့ ပြန်လည် တည်ဆောက် သွားဖို့ ရည်မှန်းထားပါတယ်။ 

တိုးတက်မှုအခွင့်အလမ်းအားသာချက်တွေအများကြီးရှိ နေတဲ့မြန်မာနိုင်ငံမှာ ပြန်လည် ၀င်ရောက်လုပ်ကိုင် ရင်း ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတကာအဆင့် အရည်အသွေးမီ ကုန်ပစ္စည်းတွေကို တာဝန်ယူနားလည်မှုရှိတဲ့ ဈေးကွက်ဖော်ဆောင်ရေးနည်းလမ်းတွေ သုံးပြီး စားသုံးသူ တွေရဲ့ လိုအပ်ချက်နဲ့ အညီပေးအပ်သွားဖို့ ကျွန်တော်တို့ အင်မတန်မှ စိတ်အားထက်သန်နေပါတယ်။ ဒီလို ဖက်စပ်လုပ်ကိုင်ခြင်းက ကျွန်တော်တို့ကို အခုလို တိုးတက်မှုရှိနေတဲ့စီးပွားရေးဝန်းကျင်မှာ ရေရှည်တည်တံ့ အောင်မြင်သွားမယ့် နေရာတစ်ခုကို ရရှိ စေမှာဖြစ်ပါတယ်” လို့ စိတ်ဝင်စားဖွယ်ရာ ပြောကြားထားတာကို ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ လန်ဒန် ဘယ်တုန်းက ဘာကြောင့် ထွက်သွားကြတယ် ဆိုတာကိုတော့ သတင်းထုတ်ပြန် ချက်မှာ ရေးမထားပါ။

ထုတ်ပြန်ချက်နဲ့အတူ ဓာတ်ပုံတွေလည်း အီးမေးထဲ ပါလာပါတယ်။လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့စက်ရုံ ပုံတွေပါတဲ့။

မြန်မာပြည်ဈေးကွက်မှာ ဖြန့်ဖို့ ဒီ ဆေးလိပ်စက်ရုံ တည်ထားတာလား သို့မဟုတ် တခြားနိုင်ငံတွေကိုပါ ဖြန့်မှာလား ဆိုတာတော့ မသိရသေးပါ။

စီးကရက်သောက်သူ သတင်းထောက်တယောက်ကတော့ လန်ဒန် ၀ယ်သောက်ဖို့ အသင့် ဖြစ်နေပါပြီ။ ၀မ်းမလီးဝဲကမ်း (လှိုက်လှဲစွာ ကြိုဆိုတယ်ဗျာ) လို့ သူက ဆိုပါတယ်။

လန်ဒန် ပြန်ရောက်လာတာဟာ ဆေးလိပ်သောက်သူ စီးကရက်သောက်သူ အတွက်သတင်းကောင်းပါပဲ။ ဆေးလိပ် မသောက်သူ၊ ဆေးလိပ်ငွေ့ဒဏ် ခံနေရသူတွေအတွက် သတင်းဆိုးလို့ ဆိုနိုင်မယ် မထင်ပါ။ လန်ဒန် မရှိလည်း တခြားတံဆိပ်ပေါင်းစုံကို မပျက်မကွက် ဖွာရှိုက်နေကြမှာ ဖြစ်တဲ့အတွက် ဆေးလိပ်ငွေ့ တွေကို မရှူချင်လည်း ရှူနေရမှာပဲမဟုတ်လား။

ဆေးလိပ်သမားများလည်း နှစ်သက်ရာတံဆိပ်ကို ဝယ်သောက်နိုင်ကြပါစေ။ဆေးလိပ်မကြိုက်သူများလည်း ဆေးလိပ်ငွေ့ဘေးမှ တကယ်လွတ်အောင် ရှောင်နိုင်ကြပါစေ။

ဧရာဝတီblog

No comments: