Saturday, 06 July 2013
ပုသိမ်မြို့တွင် ရပ်ကျေး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ လယ်ယာမြေ အသိမ်းခံရသည့် တောင်သူ လယ်သမားများ၏ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများ ဖြေရှင်းရာတွင် ဘက်လိုက် ဆောင်ရွက်မှုများ ရှိနေသဖြင့် ဇူလိုင် ၄ ရက် နံနက်ပိုင်း၌ တောင်သူလယ်သမား ၂၀၀ ခန့်မှ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ဆောင်ရွက်ခဲ့ကြသည်။
''ကျွန်တော်တို့ လမ်းပေါ်တက် ဆန္ဒပြရခြင်းရဲ့ ရည်ရွယ်ချက်က ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ဘက်လိုက်မှုတွေကြောင့် တောင်သူလယ်သမားတွေ အမှန်တကယ် နစ်နာနေတယ် ဆိုတာကို နိုင်ငံတော် အစိုးရက သိစေချင်ပါတယ်။ နောက်တစ်ချက် ကတော့ ပြည်သူလူတုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရမဲ့ သူတွေဖြစ်တဲ့ NLD ပါတီက သူတွေက တကယ်တမ်း ပါဝင်ကူညီ မဖြေရှင်း ပေးတဲ့အပြင်၊ ကူညီဖြေရှင်း ဆောင်ရွက်ပေးနေတဲ့ အစိုးရက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ အပေါ်ကို အထင်အမြင် လွဲမှားအောင် လုပ်ခဲ့တယ်။ အဲဒီလို ဆောင်ရွက်ခဲ့တဲ့ NLD က ဦးသီဟနဲ့ ဦးဝေလှိုင်ထွန်း တို့ကို ဆန္ဒပြတာလည်း ဖြစ်တယ်'' ဟု တောင်သူလယ်သမား အရေး လိုက်ပါဆောင်ရွက်နေသူ ဦးထွန်းထွန်းဦးက ပြောကြားသည်။
ဆန္ဒဖေါ်ထုတ်ကြသည့် တောင်သူများသည် သက်ဆိုင်ရာ မြို့နယ်အလိုက် ကိုယ်စားပြုသည့်ဆိုင်းဘုတ်များ နှင့် အတူ 'ပြေစာခိုးပြောင်းတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြေတိုင်း စာရေးနဲ့ ခရိုနီများ အလိုမရှိ'၊ 'အမျိုးကောင်း သမီးပျိုများကိုဖျက်ဆီးသည့် ကန်ကြီးထောင့် လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ'၊ 'ပြည်သူကျွေးတဲ့ထမင်း ကိုစားတဲ့ ပြည်သူ့ဝန်ထမ်းတွေ လယ်သမားတွေကို ပြန်ပေးမဆွဲကြပါနဲ့၊ လယ်ယာမြေ ဥပဒေကို ခုတုံးလုပ် မစားကြပါနဲ့'၊ 'တပ်မတော်ရဲ့ တာဝန်က နိုင်ငံတော်ကို ကာကွယ်ဖို့၊ ဆရာဆရာမရဲ့ တာဝန်က စာသင်ဖို့၊ သီးစားခ ကောက်စားဖို့ မဟုတ်ဘူး'၊ 'စက်ပစ်ကွင်း တပ်မတော်သိမ်း လယ်ယာ၊ ဥယာဉ်ခြံမြေများ ပြေစာ
ထုတ်ပေးရေး' စသည့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြ ခဲ့ကြခြင်း ဖြစ်သည်။
''လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၃၅ နဲ့ ကျူးကျော်ခံရသူက တရားစွဲဆို နိုင်တယ်ဆိုတဲ့ အချက် ကို ဖျက်သိမ်းပေးဖို့ရယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှာရှိတဲ့ ရပ်ကျေးဥက္ကဋ္ဌတွေက သူတို့ကိုယ်တိုင် လယ်ယာမြေ သိမ်းဆည်းထားတဲ့ သူတွေ ဖြစ်နေတဲ့အတွက် အဲဒီလူတွေကို ပြောင်းလဲပေးဖို့ ဆိုတဲ့ အချက် နှစ်ချက်နဲ့ကို တောင်းဆိုတာပါ'' ဟု ဦးထွန်းထွန်းဦးကတောင်းဆိုချက်များအား ပြောပြသည်။
eleven media group
No comments:
Post a Comment