Saturday, July 06, 2013

ၾသစေၾတးလ် နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လာရောက်မည်


Saturday, 06 July 2013

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဘော့ ကား(Bob Carr)သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၁၀ နှင့် ၁၁ တို့တွင် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီး၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန် ထားသည်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် စီးပွါးရေးနှင့် လူမှုအသိုင်းအဝန်းမှ ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း မစ္စတာ ကား၏ ဝဘ်ဆိုက်တွင် ရေးသားထားသည်။

ဆွေးနွေးပွဲများတွင် ဆောင်ရွက်ဆဲ အသွင်ကူးပြောင်းရေး လုပ်ငန်းများ၊နှစ်နိုင်ငံ စီးပွါးရေး အဆက်အဆံ၊ ရခိုင်ပြည်နယ်ရှိ အခြေအနေများ အပါအဝင် လူ့အခွင့်အရေးနှင့် ပညာရေး ကဏ္ဍအတွက် နိုင်ငံတကာ
ဖွံ့ဖြိုးရေးအကူအညီ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးမည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ်တွင် သြစတြေးလျနိုင်ငံ၏ မြန်မာနိုင်ငံသို့ နှစ်စဉ်ပေးအပ်သော အကူအညီမှာ နှစ်ဆကျော် တိုးလာမည်ဖြစ်ပြီး ဒေါ်လာ သန်း ၁၀၀ ရှိမည်ဖြစ်သည်။ ယင်းတို့ကို ဝေးလံ ခေါင်ဖျား ဒေသများနှင့် ဒေသ ဆိုင်ရာဗဟိုဌာနများ၌ ပညာရေးနှင့်အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုသွား မည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရပ်ရွာ စွန့်ခွါထွက်ပြေးလာရသူများအတွက် လူသားချင်းစာနာသည့် အကူအညီအဖြစ် ဒေါ်လာ ၅.၈ သန်းပေးရန်လည်း သြစတြေလျက ကတိပြုထားသည်။

နှစ်နိုင်ငံအကြား ကိစ္စအမြောက်အများကို အနီးကပ် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အနက် ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကိစ္စရပ်များ ပါဝင်သည်။

၎င်းတို့၏ အကူအညီ အထောက်အပံ့များကို အောက်ပါ လုပ်ငန်းများတွင် အသုံးပြုမည်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

(ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ အစီအစဉ်မှတဆင့်) နေရပ်ရင်း စွန့်ခွါလာရသော ဒုက္ခသည်တသိန်းအတွက် စားနပ်ရိက္ခာအကူအညီ၊ Save the Children အဖွဲ့မှတဆင့် မိဘများ မိသားစုများနှင့် ကွဲကွာနေသည့် ကလေး ၃၇,၀၀၀ အတွက် အကာအကွယ်ပေးခြင်း၊ ကုလ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) မှတဆင့် အိုးအိမ်ဆုံးရှုံသွားသူများ၊ အိုးအိမ် စွန့်ခွါ ထွက်ပြေးလာရသူများအတွက် ယာယီတဲ နှင့် အရေးပေါ် အမိုးအကာများ၊ CARE မှတဆင့် ယာယီ အမိုးအကာများ အောက်တွင် နေထိုင်နေကြရသော လူဦးရေ ၁၄,၀၀၀ အတွက် စောင်၊ အဝတ်အစား၊ ခြင်ထောင်၊ UNICEF မှတဆင့် လူပေါင်း ၄ သောင်းအတွက် သောက်ရေသန့်နှင့် မိလ္လာစနစ်၊ အလားတူပင် သြစတြေလျနိုင်ငံသည် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အပါအဝင် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန်ဒေါ်လာ ၅ သန်းကိုလည်း ထောက်ပံ့ ကူညီနေသည်။

သို့သော် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရာတွင် လိုအပ်သော ငွေကြေးကို ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများထံမှ မျှော်လင့်မနေဘဲ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာကို သုံးစွဲရန် ဇွန်လ ၁ ရက်နေ့က ကျင်းပသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး၌ သဘောတူညီ ဆုံးဖြတ်ထားသည်။

Mizzima - News in Burmese

No comments: