Thursday, July 04, 2013

MA လေယာဉ်မတော်တဆမှု ဟိုက်ဒရောလစ်စနစ် ထပ်မံစစ်မည်

Thursday, 04 July 2013 

မတော်တဆမှု ဖြစ်ပွားခဲ့သော မြန်မာ့လေကြောင်း (MA) ပိုင် တရုတ်လေယာဉ် နှစ်စင်းလုံး၏ ဟိုက်ဒရော လစ်စနစ်ကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြန်မာ့
လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ပြောကြားသည်။

မတော်တဆ ဖြစ်ပွားခဲ့သော လေယာဉ်နှစ်စင်း၏ Black Box ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် တစ်ပတ် ကြာ စစ်ဆေးပြီးနောက် ထွက်ရှိလာသည့် အချက်အလက်များကို အတည်ပြုနိုင်ရန် သံသယဖြစ်ဖွယ် အစိတ် အပိုင်းဖြစ်သော လေယာဉ်၏ ဟိုက်ဒရောလစ်စနစ်ကို နှစ်ပတ်ကြာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လေယာဉ်၏ အစိတ်အပိုင်း တစ်သောင်းကျော်ထဲမှ သံသယဖြစ်ဖွယ်အစိတ်အပိုင်း ဖြစ်သောဟိုက်ဒရောလစ် စနစ် ပါဝင်သည့် ဘရိတ်စနစ်၊ ဘီးအတင်အချစနစ်၊ လေယာဉ်ပျံသန်းမှု ထိန်းချုပ် Flight Control စနစ်များ ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“အားလုံး သေချာစစ်ဆေးပြီး အတည်ပြုဖို့ တရုတ်လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနနဲ့ အသေးစိတ် ထပ်ညှိ နေတယ်” ဟု ၎င်းကဆိုသည်။

မေလ ၁၆ ရက်နေ့က မိုင်းဆတ်တွင် တစ်ကြိမ်၊ ဇွန်လ ၁၀ ရက်နေ့ကကော့သောင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် တရုတ်နိုင်ငံလုပ် MA 60 လေယာဉ်များ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့် အတွက် ယင်း လေယာဉ် အမျိုးအစားများကို ပြေးဆွဲခွင့် ရပ်နားထားကြောင်းမြန်မာ့လေကြောင်းထံမှ စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ရပ်နားခဲ့ပြီး ပြည်သူ့ဥယျာဉ်ဝင်းထဲတွင် အများပြည်သူများ လေ့လာနိုင်ရန် ပြသ ထားသည့် FOKKER-27လေယာဉ်အစား တရုတ်ပြည်သူ့ သမ္မတနိုင်ငံလုပ် MA60 လေယာဉ် သုံးစင်းကို ၂၀၁၀ ပြည့်နှစ်တွင် အစားထိုး ပြေးဆွဲခဲ့ကြောင်း မြန်မာ့လေကြောင်းက တရားဝင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments: