Saturday, 06 July 2013
မြန်မာနိုင်ငံသည် Ooredoo ကုမ္ပဏီအတွက် ဒုတိယ အကြီးဆုံးဈေးကွက်ဖြစ်လာမည်ဟု အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူများက ဇူလိုင် ၅ ရက်တွင် Parkroyal ဟိုတယ်တွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
''အင်ဒိုနီးရှားက ကျွန်တော်တို့ ကုမ္ပဏီအတွက် အကြီးဆုံးဈေးကွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ကျွန်တော်တို့အတွက် ကမ္ဘာမှာ ဒုတိယ အကြီးဆုံးဈေးကွက် ဖြစ်ပါတယ်။ ဒီဈေးကွက်ဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလျံထက်တော့ ပိုတန်တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်'' ဟု Ooredoo ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူ Mr. Nicholas Swierzy က Eleven Media က မေးမြန်း မှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ကုမ္ပဏီက အကောင်းဆုံး ၀န်ဆောင်မှုနှင့် အကောင်းဆုံး ကွန်ရက်ကို ပေးအပ်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားသွားခဲ့ပြီး မြန်မာ့ လူမှုကွန်ရက်များတွင် အနုတ်သဘောဆောင်သော ရေးသားမှုများကို အကောင်းဆုံး ၀န်ဆောင်မှုဖြင့်သာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။
''လူမှုကွန်ရက်ဆိုတာက ကိုယ်အလိုရှိသလို သုံးကြတာပါပဲ။ ကျွန်တော်တို့ကတော့ ဖောက်သည်တွေ အတွက် ၀န်ဆောင်မှုက အရေးကြီးတယ်လို့ပဲ ထင်ပါတယ်'' ဟု Ooredoo ကုမ္ပဏီ လုပ်ငန်းစုမှ Senior Representative ဖြစ်သူ Mr. Ross Cormack က ပြောကြားသွားသည်။
မြန်မာနိုင်ငံတွင် အင်တာနက် ပျံ့နှံ့နှုန်းမှာ ၁၀ ရာခိုင်နှုန်း တိုးတက်သည်နှင့်အမျှ နိုင်ငံ၏ ဂျီဒီပီသည်လည်း ၁ ဒသမ ၆ ရာခိုင်နှုန်းမှ ၁ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်မည်ဖြစ်ပြီး မိုဘိုင်းဖုန်း ပျံ့နှံ့နှုန်း ၁၀ ရာခိုင်နှုန်း တိုးတက်သည်နှင့်အမျှ နိုင်ငံ့ ဂျီဒီပီမှာ ၁ ဒသမ ၂ ရာခိုင်နှုန်းမှ ၁ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်မည် ဖြစ်သဖြင့် စီးပွားရေး တိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ အကျိုး ရှိစေမည်ဟု ဆိုသည်။
၎င်းတို့က မြန်မာနိုင်ငံတွင် ၀န်ဆောင်မှု ပေးရာတွင် တောရောမြို့ပါမကျန် 3G မှ စတင်ပေးသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခများကို ၎င်းတို့၏ ၀န်ဆောင်မှု စတင်ခါနီး အချိန်တွင် ထုတ်ပြောသွားမည် ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ဝန်ဆောင်မှုများ စတင်ရန် အတွက်မှာ အတတ်နိုင်ဆုံး အမြန်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ Ooredoo ကုမ္ပဏီသည် ၁၉၈၀ ခုနှစ် အစောပိုင်းက စတင် တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်ပြီး လူမျိုးပေါင်း ၅၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
eleven media group
No comments:
Post a Comment