Saturday, July 27, 2013

Wikileaks တည်ထောင်သူ အက်ဆန်း သြစတြေးလျရွေးကောက်ပွဲဝင်မည်


Saturday, 27 July 2013


နိုင်ငံတကာ လျှို့ဝှက်ချက်များကို ပေါက်ကြားစေသည့် WikiLeaks ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့သူ ဂျူလီယန် အက်ဆန်းသည် ဩစတြေးလျနိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်ရန် ကြံစည် နေကြောင်း သိရှိရသည်။ ဩစတြေးလျ နိုင်ငံသားသည် နိုင်ငံရေးပါတီသစ်တစ်ခု စတင်တည်ထောင်ရန် ကြာသပတေးနေ့က တရားဝင်စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။ အဆိုပါ ပါတီ ကိုလည်း ၎င်း၏လျှို့ဝှက်ချက်များ ဖော်ထုတ်သော သင်္ကေတဖြစ်လာသည့် WikiLeaksဆိုသော ဝေါဟာရအား ထည့်သွင်းအမည်ပေးရန် ရည်ရွယ်ထားသည်။


အက်ဆန်းသည် ဩစတြေးလျ လွှတ်တော်တွင် အမတ်နေရာ တစ်နေရာစာအတွက် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်နေပြီး ဩစတြေးလျ အထွေထွေ ရွေးကောက်ပွဲများကို ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်သည်။ တယ်လီဖုန်း အင်တာဗျူးတစ်ခုတွင် အက်ဆန်းက မိမိအနေဖြင့် ရွေးကောက်ခံရေး လှုံ့ဆော်မှု လှုပ်ရှားမှု တစ်ခု အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ရန် အလွန် ယုံကြည်စိတ်ထက်သန်နေကြောင်း ဖြေဆိုထား သည်။ လတ်တလောတွင်မူ အက်ဆန်းသည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အီကွေဒေါ သံရုံးတွင် ခိုလှုံနေရ သည်။

၎င်းက "နိုင်ငံရေးကတော့ WikiLeaks အဖွဲ့အစည်းကို မောင်းနှင်နေရတာနဲ့မတူနိုင်ပါဘူး။ကမ္ဘာ့တိုက်ကြီး တွေမှာ ကျွန်တော်တို့ လူသားတွေ ဖြန့်ကျက် နေထိုင်ကြတယ်။ ကျွန်တော်တို့ ထိတွေ့ကိုင်တွယ်ရမယ့် တရားရေးကိစ္စတွေ ဒါဇင်နဲ့ချီ ရှိနေသေးတယ်။ ဘာပဲဖြစ်ဖြစ်လေ၊ ကျွန်တော့် ဇာတိနိုင်ငံမှာ နိုင်ငံရေး ထိတွေ့မှုတွေ ရှိနေမယ် ဆိုတာကတော့ ကောင်းမွန်တဲ့ ကိစ္စဖြစ်မှာပါ"ဟု ပြောကြားသွားသည်

ဩစတြေးလျ Hacker တစ်ဦးဖြစ်သူ အက်ဆန်းသည် သမ္မတ ဂျော့ဘုရှ် လက်ထက်က အမေရိကန်၏ နိုင်ငံခြားရေးရာ မူဝါဒ မှတ်တမ်းများ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားမှ လျှို့ဝှက်ချက်များကို ဖောက်ချခဲ့သဖြင့် လူသိများလာသူ ဖြစ်သည်။ ၎င်း၏ ပွင့်လင်းမြင်သာခြင်းအတွက် မိမိ၏ အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဟု ကြွေးကြော်ခဲ့ပြီး ထောက်ခံသူ လူတန်းစား၏ အမြင်တွင် သူရဲကောင်း တစ်ဦးသဖွယ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

Planet Myanmar Network

No comments: