စစ်တွေ ဒုက္ခသည်စခန်း ပဋိပက္ခ တည်ငြိမ်သွားပြီဟု ပြည်နယ်အစိုးရဆို
Monday, August 12, 2013

အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ရသည့် စစ်တွေမြို့နယ်ရှိ
ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ သည် ယခုအခါ
တည်ငြိမ်အေးချမ်းသွားပြီဟု ရခိုင်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦး
လှသိန်းက သြဂုတ် ၁၁ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။
စစ်တွေမြို့နယ်ရှိ မှန်စီရွာအနီးတွင် ရေနစ်သေဆုံးသည်ဟု ယူဆရသော ဘင်္ဂါလီ
အလောင်းတစ်ခုကို အကြောင်းပြု ၍ သြဂုတ် ၉ ရက်က ရဲတပ်ဖွဲ့ဝင်များနှင့်
ဘင်္ဂါလီများအကြား ထိပ်တိုက် ရင်ဆိုင်မှုအပြီး၊ လက်ရှိအခြေအနေနှင့် ပတ်သက်၍
ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်
အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးလှသိန်းက
“အခြေအနေ အရပ်ရပ်ဟာ အားလုံး တည်ငြိမ်အေးချမ်းနေပြီ။ အကြမ်းဖက်မှုတွေလည်း
ဘာမှ မရှိတော့ပါဘူး။ အဲဒီနယ်မြေမှာ တပ်၊ ရဲ၊ လုံထိန်း အင်အားအပြည့်နဲ့
လုံခြုံရေး တာဝန်ယူနေပါတယ်” ဟု ပြောသည်။
ထိုပဋိပက္ခအတွင်း
သေဆုံးခဲ့သည့် ဘင်္ဂါလီတစ်ဦး၏ ရုပ်အလောင်းကို သြဂုတ် ၁၀ ရက်တွင်
သင်္ဂြိုဟ်ပြီးဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်
အရေးယူသွားမည် ဖြစ်ကြောင်းလည်း ဦးလှသိန်းက ဆက်ပြောသည်။
ပဋိပက္ခများ စတင်ဖြစ်ပွားပုံမှာ မှန်စီကျေးရွာအနီးရှိ မှန်စီချောင်းဝ၌
သြဂုတ်၉ရက်တွင် လူသေအလောင်း တစ်ခုတွေ့သဖြင့် ရဲတပ်ဖွဲ့က
မှုခင်းထုံးစံအတိုင်း သွားရောက်စစ်ဆေးရာ ဘင်္ဂါလီရွာများမှ လူ ၅၀၀ ခန့်
စုဝေးလာသဖြင့် လူစုခွဲရန် ရဲများက ဆောင်ရွက်နေစဉ် ၁၆ နှစ်အရွယ်ရှိ
အာလန်ဆိုသူတစ်ဦးက ဒုရဲမှူးဌေးဝင်းကို ၀င်ရောက် ရိုက်နှက်ခဲ့ကြောင်း
အစိုးရက ထိုဖြစ်ရပ်ပြီး နောက်တစ်နေ့ သြဂုတ် ၁၀ ရက်တွင် တရားဝင်
ထုတ်ပြန်သည်။
ထို့နောက် ရဲများက ကျန်ဘင်္ဂါလီများက ရန်ပြုလာသဖြင့်
ရော်ဘာကျည်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ကြောင်း၊ ထိုလူစုကြီးက မကျေနပ်သဖြင့်
အုန်းတောကြီးရဲကင်းနှင့် တဲအိမ်လေးလုံးကို မီးရှို့ခဲ့ကြောင်း၊ ထို့ပြင်ဘော
ဒူဖဟူသည့်ရွာတွင် လူများ စုဝေးနေပြန်ရာ
နယ်စပ်ရေးရာဝန်ကြီး၊ပြည်နယ်ရဲမှူးနှင့် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ
မဟာမင်းကြီး ရုံးမှ တာဝန်ရှိသူများက ထိန်းသိမ်းနေကြောင်းလည်း
ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း
ဘင်္ဂါလီတစ်ဦး သေဆုံးပြီး၊ ရဲနှစ်ဦး ဘင်္ဂါလီခြောက်ဦး ဒဏ်ရာရခဲ့သလို ရဲကင်း
တစ်ခုနှင့် လုံခြုံရေးဝန်ထမ်းများ၏ တဲအိမ်လေးလုံး
မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေး ကော်မတီက
ဆိုသည်။
သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍
ပြန်နယ်အစိုးရ၏ သတင်းပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က
“ဒီဖြစ်စဉ်က ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ၊လူသေအလောင်း တစ်ခုကို အခြေခံ
တာ ဖြစ်နေတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မှုခင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို ဥပဒေအရ
လုပ်ကိုင်နေတဲ့အချိန်မှာ အလောင်းကိုလာတောင်းကြတယ်။ စစ်ဆေးပြီးလို့ရှိရင်
အလောင်းကို ပြန်ယူလို့ ရပေမယ့် တမင် ပြဿနာရှာပြီးတော့ ၀န်ထမ်းတွေကို
ရိုက်နှက်တယ်။ ရဲကင်းအပါအ၀င် လုံခြုံရေးအဆောက်အအုံတွေကို မီးရှို့ကြတယ်”ဟု
သြဂုတ် ၁၁ ရက်တွင် ပြောသည်။
ထို့ပြင် ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ရခိုင်ပြည်နယ်သို့
လာရောက်မည့်ရက် နီးကပ်နေသဖြင့် ထိုဖြစ်ရပ်ကို
ဖန်တီးခြင်းဖြစ်နိုင်ကြောင်းလည်း သူကစွပ်စွဲ ပြောကြားသည်။
“မစ္စတာကင်တားနားကို သက်သေပြချက်တစ်ခုပေးနိုင်ဖို့ ဖန်တီးတဲ့လုပ်ရပ်လို့ ယူဆနိုင်တယ်”ဟု ဦးဝင်းမြိုင်က မှတ်ချက်ပေးသည်။
သြဂုတ် ၁၁ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်တာ မြန်မာနိုင်ငံသို့ လာရောက်မည့်
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား၏
ခရီးစဉ်တွင် ရခိုင်၊ ကချင်၊ ကရင်နှင့်ချင်း စသည့်
ပြည်နယ်များသို့
သွားရောက်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆွေးနွေးမည်ဖြစ်ပြီး၊
တွေ့ရှိချက်များကို ကုလအထွေထွေညီလာခံတွင် ၎င်းက ပြန်လည်တင်ပြမည်ဟု ကုလသမဂ္ဂက
ထုတ်ပြန်ထားသည်။
No comments:
Post a Comment