Wednesday, August 14, 2013

တောင်ပြုန်းပွဲ ဈေးနှင့် နတ်နန်းအချို့ လုံခြုံရေး ကင်မရာများ တိုးချဲ့တပ်ဆင်မည်

မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ် တောင်ပြုန်းကျေးရွာတွင် သြဂုတ်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ကျင်းပလျက် ရှိသည့် တောင်ပြုန်းပွဲတော် ကာလအတွင်း နတ်နန်း အချို့နှင့် ဈေးအတွင်း လုံခြုံရေး ကင်မရာ (CCTV) များ တိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲတော် ကျင်းပရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။


တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီအနေနှင့် ပွဲတော် အေးချမ်း သာယာပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် နတ်နန်း အချို့နှင့် ဈေးအတွင်းသို့ CCTV ကင်မရာများ တိုးချဲ့ တပ်ဆင်ထား မည့်အပြင် ရဲနှင့် အရန်မီးသတ်တပ်ဖွဲ့ အင်အား ၂၃၀ ချထားပြီး ပွဲတော် အတွင်းနှင့် အပြင်တွင် ရဲကင်း ကိုးခုစီ ကင်းများ ချထားပြီး လုံခြုံရေးများကို တိုးမြှင့် ချထားကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

“မနှစ်က ဘုရားဝင်းနဲ့ နန်းကြီး နှစ်နေရာကို CCTV စတပ်ခဲ့တာ၊ ဒီနှစ်တော့ လူစည်ကားတဲ့ နတ်နန်း တွေနဲ့ ဈေးအတွင်းပါ တပ်ဖို့ ရှိတယ်” ဟု ပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ဆိုသည်။

ပွဲတော် လုံခြုံရေးအတွက် ခရိုင် ရဲတပ်ဖွဲ့၏ ညွှန်ကြားမှုဖြင့် မတ္တရာမြို့နယ် ရဲစခန်းက ကြီးကြပ် တာဝန်ယူမည် ဖြစ်ပြီး၊ မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများကလည်း ပွဲတော်အတွင်း ဝိနည်းနှင့် မညီညွတ်သော ပွဲတော်လာ ရဟန်းတော်များကို ဝိနည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် ၂၄ နာရီ ဆေးခန်းဖွင့်၍ ကျန်းမာရေး စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“တကယ်တပ်မှာလား CCTV တွေက တပ်ရင် ကောင်းတာပေါ့၊ ရန်ဖြစ်တဲ့ လူတွေ၊ အလစ်သုတ်တဲ့ လူတွေကို အလွယ်တကူ ဖမ်းလို့ ရတာပေါ့” ဟု ပွဲတော်ဈေးအတွင်း ကလေး ကစားစရာများ ရောင်းချသူ တစ်ဦးက ဆိုသည်။

တောင်ပြုန်းပွဲတော်ကို နှစ်စဉ် ဝါခေါင် လဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ ပွဲတော်ဝင်ရက် ဖြစ်သော လဆန်း ၁၀ ရက်နေ့နှင့် ချိုးရေတော်သုံးသော လဆန်း ၁၁ ရက်၊ ထိန်းကျင်း ရက် လဆန်း ၁၃ ရက်၊ ယုန်ထိုးသောရက် လဆန်း ၁၄ ရက်များတွင် နန်းကြီးခေါ် တောင်ပြုန်းမင်း နှစ်ပါး၏ နန်းတော်သို့ လူ အဆင်းအတက် တစ်နေ့လျှင် သုံးသိန်းဝန်းကျင် ရှိပြီး အခြားရက်များတွင် လူအတက်အဆင်း သုံးသောင်းကျော်သာ ရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

မိုးကြိုး (MDY)
The Voice Weekly

No comments: