Saturday, August 24, 2013

မိကျောင်းကန်မြေကိစ္စ ဦးဆောင်သူနှစ်ဦးကို စီရင်ချက်ချ



Saturday, 24 August 2013

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်တွင် တပ်မတော်က မြေသိမ်းယူထားခြင်း ကိစ္စကို မကျေနပ်၍ ဆန္ဒထုတ်ဖော်သူနှစ်ဦးကို ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ဖြင့် သြဂုတ်လ ၂၂ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဒဏ်ငွေတစ်သောင်း ပေးဆောင်ရန် (သို့မဟုတ်) ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း အဆိုပါတရားရုံးထံမှ စုံစမ်းသိရှိရသည်။


သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်ကို တပ်မတော်က မြေသိမ်းယူပြီး ချက်ချင်းပြောင်းရွှေ့ ခိုင်းစေမှုကို မကျေနပ်သဖြင့် ဇန်နဝါလအတွင်း ဆန္ဒထုတ်ဖော်ရာ ဦးဆောင်ပါဝင်ခဲ့သူ ဦးစိန်သန်းနှင့် ဦးကျော်လွင် သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းက တရားလို ပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း စီရင်ချက်ချခံရသူ ဦးကျော်လွင်က ပြောကြားသည်။

“ကျွန်တော်တို့ နှစ်ယောက်ကို ထောင်တစ်လ (သို့မဟုတ်) ငွေတစ်သောင်း စီရင်ချက်ချတယ်။ ကျွန်တော်တို့ ငွေတစ်သောင်း ဆောင်ခဲ့တယ်” ဦးကျော်လွင်က ဆက်လက်ပြောကြားသည်။

မိကျောင်းကန် မြေပြဿနာသည် တပ်မတော်နှင့် မိကျောင်းကန် အပိုင်း ၁၊ ၂ နှင့် ၃ ရပ်ကွက်နေ ပြည်သူတို့အကြား အငြင်းပွားနေခြင်းဖြစ်ပြီး လွှတ်တော်သို့ တင်ပြထားသော်လည်း ယခုအချိန်ထိ အစိုးရက တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ဆက်လက်ဆန္ဒထုတ် ဖော်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အဆိုပါမြေ ပြဿနာနှင့် ပတ်သက်၍ ရပ်ကွက်နေ ပြည်သူတို့က သင်္ဃန်းကျွန်းတွင် လေးကြိမ်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် နှစ်ကြိမ် စုစုပေါင်း ခြောက်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly

No comments: