Tuesday, August 20, 2013
နိုင်ငံရေး အကျဉ်းသားလွှတ်ရန် အစာငတ်ခံ ဆန္ဒပြသည့် သံဃာ တောင်ငူသို့ရောက်
Tuesday, August 20, 2013
အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန်အတွက် ရန်ကုန်မြို့တော်မှ သြဂုတ်လ ၁၁ ရက်နေ့တွင် မန္တလေးမြို့တော် မဟာမြတ်မုနိ ဘုရားကြီးသို့ လမ်းလျှောက် ဆုတောင်းရန် ထွက်ခွာလာသောသံဃာ ဦးရက္ခဝံသသည် ကိုးရက်အကြာ သြဂုတ်လ ၁၉ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့သို့ ရောက်ရှိကြောင်း အဆိုပါသံဃာထံမှ သိရှိရသည်။
ယင်းသံဃာသည် ရန်ကုန်မှ ၁၇၅ မိုင် ခန့်ကွာဝေးသော တောင်ငူမြို့သို့ ရောက်ရှိကာ ယင်းမြို့ (၇) ရပ်ကွက် စည်ပင်ဂိုဏ်းအုပ် စာသင်တိုက်တွင် ညအိပ် ရပ်နားမည် ဖြစ်ပြီး တောင်ငူနှင့် မိုင်ပေါင်း ၂၃၄ မိုင်ခန့် ကွာဝေးသော မန္တလေးမြို့တော်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း အဆိုပါ ယင်းသံဃာနှင့်အတူ လိုက်ပါလာသူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
ဦးရက္ခဝံသသည် လမ်းတစ်လျှောက်တွင် ဆွမ်းမဘုဉ်းပေးဘဲ ရေနှင့် အချိုရည်ကိုသာ သုံးဆောင်ခဲ့ကာ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသို့ ခြေလျင်လျှောက် မေတ္တာပို့မည်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ မလွှတ်မချင်း ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဆရာတော်က The Voice သို့ မိန့်ကြားသည်။
“ဦးပဉ္စင်းက သြဂုတ်လ ၃ ရက်နေ့ ရှစ်လေးလုံး အထိမ်းအမှတ် ငွေရတုပွဲအမီ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အစာငတ်ခံ ဆန္ဒပြတယ်။ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ဆရာတော်တွေက လာခေါ်ပြီး ဆက်မလုပ်ဖို့ တားမြစ်တယ်။ ဒီတော့ ရန်ကုန်ကနေ မန္တလေးကို လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်တယ်။ မရမချင်းကို ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ဦးရက္ခဝံသက မိန့်ကြားသည်။
ဦးရက္ခဝံသသည် သြဂုတ်လ ၁၁ ရက်တွင် လှည်းကူးမြို့၊ ၁၂ ရက်နေ့တွင် ပဲခူးမြို့၊ သြဂုတ်လ ၁၃ရက်တွင် ဘုရားကြီးကျေးရွာ၊ ၁၄ ရက်နေ့တွင် ဒိုက်ဦးမြို့၊ သြဂုတ်လ ၁၅ ရက်တွင် ပိန်းဇလုပ်မြို့၊ ၁၆ ရက်နေ့၌ တောကျွဲအင်းကျေးရွာ၊ သြဂုတ်လ ၁၇ ရက်နေ့တွင် ဇေယျဝတီမြို့၊ ၁၈ ရက်နေ့တွင် ကျွဲပွဲမြို့တို့တွင် ညအိပ်ရပ်နားခဲ့ကြောင်း အဆိုပါသံဃာနှင့် လိုက်ပါလာသူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ခေါင်းဆောင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
အဆိုပါသံဃာသည် သြဂုတ်လ ၃ ရက်နေ နေ့လယ် ၁၂ နာရီခန့်က ရန်ကုန်မြို့တော် မဟာဗန္ဓုလပန်းခြံရှေ့တွင် အစာငတ်ခံ ဆန္ဒပြနေစဉ် ညနေ ၅ နာရီခန့်တွင် သံဃနာယကအဖွဲ့က ခေါ်ယူ ထိန်းသိမ်းခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ရာ သြဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မှ မန္တလေးမြို့သို့ ခြေလျင်လျှောက် ဆုတောင်းရခြင်း ဖြစ်ကြောင်း ဦးရက္ခဝံသက မိန့်ကြားသည်။
ယင်းသံဃာသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့ပြီး အရေးအခင်းအပြီး တပ်မတော်က အာဏာသိမ်းယူပြီး ရက်ပိုင်းအတွင်း သြဂုတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးကာ သေဒဏ်ပေး ခံခဲ့ရကြောင်း၊ ၁၉၉၇ ခုနှစ်၌ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း၊ ယင်းနောက် ဘုန်းကြီးဝတ်ကာ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် မဲဆောက်မြို့တို့တွင် နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရသစ်လက်ထက် တွင် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းအနေနှင့် လိုင်ဇာသို့ လချီ လမ်းလျှောက်ရာတွင် နာယက သံဃာတစ်ပါးအဖြစ် ပါဝင်ခဲ့ကြောင်း ၎င်းထံမှ သိရှိရသည်။
အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၁၄၀ ကျော် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment