Friday, 23 August 2013
သြဂုတ် ၁၉ ရက်က မိတ္ထီလာမြို့တွင်းသို့ ၀င်လာသော မစ္စတာ ကင်တားနား၏ ယာဉ်တန်းနှင့် ကန့်ကွက်သူ အချို့ကို တွေ့ရစဉ်
သြဂုတ် ၁၉ ရက် ည ၁၀ နာရီခန့်က မိတ္ထီလာမြို့တွင် ၎င်းစီးနင်းလာသောမော်တော်ယာဉ်အား လူအယောက် ၂၀၀ ခန့်က ၀ိုင်းဝန်းပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ကြသည် ဟူသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား၏ ပြောကြားချက်မှာ မဟုတ်မှန်ကြောင်း အစိုးရ၊ အဆိုပါ ယာဉ်တန်း ဖြတ်သန်းသွားချိန်တွင် ရှိနေခဲ့သော မျက်မြင် သက်သေများနှင့် မိတ္ထီလာမြို့ခံများက ငြင်းဆိုခဲ့ ကြသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် သြဂုတ် ၂၁ ရက် ညပိုင်းက မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲတွင် မိတ္ထီလာ၌ မိမိစီးနင်းလာသော မော်တော်ကားအား လူ ၂၀၀ ခန့်က ထုရိုက်ခြင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ကန်ကျောက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ အနားတွင်ရှိသော ရဲတပ်ဖွဲ့၏ အကာအကွယ် လုံးဝမရှိသည့် အခြေအနေတွင် ခံစားရသော အကြောက်တရားသည် ပြီးခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု၌ ဒေါသထွက်နေသော လူအုပ်က လူ ၄၃ ဦးကို ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ် ခဲ့သည်ကို ရဲတပ်ဖွဲ့က ရပ်ကြည့်နေ သည်ဆိုသော စွပ်စွဲမှုကိုသွားမြင်မိသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသွားခဲ့သည်။
နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မိတ္ထီလာမြို့တွင် လူ ၂၀၀ ခန့်က မစ္စတာ ကင်တားနား ထံ ကန့်ကွက်စာနှင့် တီရှပ်ပေးရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အသက်
အန္တရာယ် စိုးရိမ်ရလောက်သည့် အခြေအနေ လုံးဝမရှိခဲ့ကြောင်းအေပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ မိတ္ထီလာမြို့သို့ ဖြတ်သန်းစဉ် မစ္စတာကင်တားနား၏ မော်တော်ယာဉ်တန်းအား ရဲတပ်ဖွဲ့မှ ကားတစ်စီးက ရှေ့ပြေးအဖြစ် ဦးဆောင်ပေးခဲ့ကာ လုံခြုံရေး ယာဉ်တစ်စီး လိုက်ပါပေးခဲ့ကြောင်း ဆန္ဒပြမှုများ ရှိနိုင်သည် ဆိုသောကြောင့် ရဲတပ်ဖွဲ့ဝင် ၃၀ ကလည်း လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ လူထုအနေဖြင့် ကင်တားနား အား နာကျင်စေရန် ရည်ရွယ် လုပ်ဆောင်မှု မရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ယာဉ်တန်း သည် လူအုပ်အား အန္တရာယ်မရှိဘဲ ဖြတ်သန်း နိုင်ခဲ့ကြောင်း ဦးရဲထွဋ်၏ ပြောကြားချက်ကို အေပီသတင်း ဌာနက ဖော်ပြခဲ့သည်။
ယင်းအဖြစ်အပျက် ဖြစ်ပျက်ချိန်၌ Eleven Media Group ၏ သတင်းထောက်နှင့် အစိုးရ သတင်းစာမှ သတင်းထောက်တို့ အဆိုပါ နေရာတွင် ရှိနေပြီး လူထုအနေဖြင့် မစ္စတာ ကင်တားနား စွပ်စွဲထားသလို လုပ်ဆောင်မှု လုံးဝမရှိခဲ့ကြောင်း ပြောကြားသည်။
''ညနေ ငါးနာရီ လောက်ကတည်းက ကင်တားနားကို ဆန္ဒပြဖို့စောင့်နေကြတာ လူတစ်ထောင်လောက် ရှိတယ်။ ညမထွက်ရ အမိန့်ကြောင့် ပြန်သွားကြလို့သာ သူရောက်လာတဲ့ အချိန်မှာ ၂၀၀ လောက်ပဲ ကျန် တော့တာ။ ယာဉ်တန်း ဖြတ်သွားတာ စက္ကန့်ပိုင်းပဲ ကြာပါတယ်။ ပိုစတာတွေကိုင်ပြီး ဆန္ဒပြကြသလို သူ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ကန့်ကွက်စာနဲ့ တီရှပ်ပေးတာပဲ ရှိပါတယ်။ သူပြောသွားသလို ကားကိုထုရိုက်တာ၊ တံခါးနဲ့ ပြတင်းပေါက်ကို ကန်ကျောက်တာမျိုး လုံးဝမလုပ်ကြပါဘူး'' ဟု Eleven Media Group ၏ မိထ္ထီလာ သတင်းထောက် ကိုဝဏ္ဏစိုးက ပြောကြားသည်။မစ္စတာ ကင်တားနား အနေဖြင့် သြဂုတ် ၂၁ ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိတ္ထီလာမြို့မှ အဖြစ်အပျက်ကို ပြောကြားရာ၌ စိတ်လှုပ်ရှားမှု လွန်ကဲသည့် ပုံစံမျိုး ဖြစ်နေကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ၎င်းတင်သွင်းမည့် အစီရင်ခံစာကြောင့် OIC အပါအ၀င် နိုင်ငံတကာ အစ္စလာမ် အသိုင်းအ၀ိုင်းက မြန်မာအစိုးရအပေါ် ဖိအားပေးလာမည်ကို စိုးရိမ်မိကြောင်း...
ကိုဝဏ္ဏစိုးသည် မတ်လအတွင်းက ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် နေ့စဉ်သတင်း ပေးပို့ခဲ့သူဖြစ်ပြီး အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ရပ်တန့်သွားစေရန် Eleven Media Group ၏ ကြိုးစားဖော်ပြခဲ့သော သတင်းများတွင် ၎င်း၏ဆောင်ရွက်ချက်များမှာ အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။ ယခုဖြစ်စဉ်တွင်လည်း ည နေ ၅ နာရီခန့် ကတည်းက လူစုလူဝေးရှိသည့် နေရာတွင် ရောက်ရှိနေခဲ့ပြီး သတင်းရယူရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ကင်တားနား အနေဖြင့် ၎င်းအား ဆန္ဒပြမည့်သူများ စောင့်နေသည့်လမ်းမှ မြို့တွင်းသို့ ၀င်ခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ ကန့်ကွက် ဆန္ဒပြသူများနှင့် ရင်ဆိုင်ခဲ့ ရခြင်းဖြစ် အခြားလမ်း တစ်လမ်းဖြစ်သည့် သီးကုန်းလမ်းမှသာ မြို့တွင်းသို့ ၀င်ရောက်ခဲ့မည်ဆိုပါက ဆန္ဒပြ သူများနှင့် တွေ့ရမည် မဟုတ်ကြောင်း ကိုဝဏ္ဏစိုးက ပြောကြားသည်။
''မိတ္ထီလာ တံတားထိပ်ကို ရောက်လာတဲ့ အချိန်မှာ ကင်တားနားကို ကန့်ကွက် ဆန္ဒပြနေတဲ့လူ ၁၅၀ ကျော် လောက် ရှိပါတယ်၊ ပထမဆုံး ဖြတ်လာတဲ့ကားမှာ မစ္စတာ ကင်တားနား ပါလာတယ် ထင်ကြတယ်။ နောက် မစ္စတာကင်းတားနားကား ဖြတ်သွားတဲ့အချိန်မှာ ဆန္ဒပြနေတဲ့ လူအုပ်က သူတို့ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေ ကို မြင်စေချင်လို့ ရှေ့တိုးလာတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲနဲ့ မြို့ခံတွေက လမ်းရှင်းပေးလိုက်တယ်။ တံတားထိပ် မှာ သုံးမိနစ်တောင် မကြာပါဘူး။ လူအုပ်က ဆန္ဒပြတဲ့ ဆိုင်းဘုတ်ကို မြင်စေချင်တာရယ်၊ ကန့်ကွက်တဲ့ အသံကို ကြားစေချင်တာရယ်ပဲရှိပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါဘူး။ ကားတန်းက တစ်မိနစ် လောက် တုံ့ဆိုင်းသွားပြီး ဆက်လက် ထွက်ခွာသွားပါတယ်။ နောက်ပိုင်း ဆက်သွယ်ရေးရိပ်သာကို မြို့ခံ သုံးယောက် လိုက်သွားပြီး အိတ်ဖွင့် ပေးစာတစ်စောင် ပေးခဲ့ပါတယ်။ အဆင့်ဆင့် သတင်းပို့ပြိးတော့ ခရိုင် အုပ်ချုပ်ရေးမှူးက သူတို့ ပေးလိုက်ပါမယ်ဆိုလို့ စာကိုသူတို့လက်ထဲအပ်ခဲ့ပါတယ်။ သူ့ကိုပေးတဲ့ကန့်ကွက်စာ ထဲမှာ ကုလသမဂ္ဂကို တင်သွင်းတဲ့ သူရဲ့အစီရင် ခံစာတွေကို သဘောမတူကြောင်းနဲ့ မတ်လအတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုက သံဃာတော်တစ်ပါးကို အစ္စလာမ် ဘာသာဝင်တွေကသတ်ဖြတ် လိုက်လို့ စတင်ခဲ့ရခြင်း ဖြစ်တယ်။ နောက်မင်္ဂလာဇေယုံထဲက အစ္စလာမ် ဘာသာဝင်တွေက တစ်ညလုံး အော်ဟစ်ကြိမ်းမောင်းပြီး ရန်စခဲ့တဲ့အတွက် အခြေအနေက ပိုဆိုးသွားတယ်ဆိုတဲ့ အကြောင်းတွေ ပါပါ တယ်'' ဟု ကိုယ်တွေ့ကြုံခဲ့သူ မိတ္ထီလာမြို့ခံ ဒေါ်မေသက်ဦး က ပြောကြားသည်။
မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သူ ကိုဒီမောဆိုးကလည်း ''ဆန္ဒပြတဲ့ ဆိုင်းဘုတ်ကို မြင်စေချင်တာရယ်၊ ကန့်ကွက်တဲ့ အသံကို ကြားစေချင်တာရယ်ပဲ ရှိပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါဘူး။ ကားတန်း တစ်မိနစ် လောက် တုံ့သွားတာဘဲရှိပါတယ်။ ဘာမှ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာ မရှိပါဘူး'' ဟု ပြောကြားသည်။
''ကိုမယ်ပ၊ ကိုဒီမောဆိုးနဲ့ ဒေါ်မေသက်ဦးတို့က ဆက်သွယ်ရေး ရိပ်သာကိုသွားပြီး ကန့်ကွက်စာ ပေးခဲ့ကြပါ တယ်။ တစ်မြို့လုံးရဲ့ ခံစားချက်ကို သိစေချင်လို့ အခုလို ဆန္ဒပြကြတာ ဖြစ်ပေမယ့် သူ့အသက် အန္တရာယ်ကို ထိခိုက်အောင်လုပ်ဖို့ ဘယ်သူမှ ရည်ရွယ်ချက် မရှိကြဘူး။ ဆိုင်ဘုတ်တွေကလွဲလို့ ဘာလက်နက်မှလည်း ကိုင်ဆောင် မထားကြပါဘူး'' ဟု မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သည့် ကိုထိန်ဝင်းမွန်ကလည်း ပြောကြားသည်။
''ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားလာမယ့်နေ့ခင်းပိုင်းထဲက မိတ္ထီလာ တံတားထိပ်မှာ လုံခြုံရေး ချထားပါတယ်။ ညနေ ၆ နာရီကစပြီး အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကို တံတားထိပ်မှာ လုံခြုံရေး ထပ်ချပါတယ်။ တံတားနားမှာတင် နောက်ထပ် ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ရှိပါတယ်။ တံတားနဲ့ မနီးမဝေးမှာ ကားနဲ့အသင့် နေရာယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးရှိပါတယ်။ ကားပေါ်မှာ ပါတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖွဲ့စည်းပုံအပြည့် လက်နက်တပ်ဆင် ထားပါတယ်။ ဖောင်တော်ဦး တံတားထိပ်မှာ ယာဉ်ထိန်းနှစ်ယောက် လမ်းရှင်းပေးနေပါတယ်။ မစ္စတာ ကင်တားနားလာတဲ့ ယာဉ်တန်းမှာ နယ်/လုံဝန်ကြီး ဗိုလ်မှုးကြီး အောင်ကျော်မိုး ကိုယ်တိုင် လိုက်ပါလာပါတယ်။ နောက် မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေလည်း လိုက်ပါလာပါတယ်။ ယာဉ်တန်းမှာ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစပ်နေလင်း ကိုယ်တိုင် လိုက်ပါလာပါတယ်။ ခရိုင်ရဲတပ်ဖွဲ့မှုးရဲ့ ကားပေါ်မှာ ဖွဲ့စည်းပုံအပြည့်လက်နက် တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦး လိုက်ပါလာပါတယ်။ ကားတန်းက မိတ္ထီလာ တံတားထိပ်ကို ည ၁၀ နာရီ ၃၅ မိနစ်မှာ ရောက်ပါတယ်။ မိုင်ဝက်ကျော်ဝေးတဲ့ ဆက်သွယ်ရေး ရိပ်သာကို နောက်ငါးမိနစ် အတွင်းမှာ ရောက်ရှိပါတယ်။ ဆက်သွယ်ရေး ရိပ်သာကနေ ည ၁၀ နာရီ ၅၅ မိနစ်မှာ ပြန်လည် ထွက်ခွာသွားပါတယ်။ ကားပေါ်က ဆင်းတဲ့အချိန်က ၁၀ မိနစ်တောင် မရှိပါဘူး။ ကျန်တဲ့အချိန်က ကားပေါ်မှာ ထိုင်နေပါတယ်။ တစ်စုံတစ်ရာလည်း အန္တရာယ် မဖြစ်ပေါ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသည်။
''ကျွန်တော် မြင်တာကတော့ ပထမဆုံး ကားဝင်တဲ့ အချိန်မှာ လူအုပ်က လမ်းပေါ်တိုးလာပြီး ဆန္ဒပြကြ ပါတယ်။ အဲဒီကားပေါ်မှာ မစ္စတာကင်တားနား မပါလာပါဘူး။ ချက်ချင်းပဲ ယာဉ်ထိန်းနဲ့ မြို့ခံတွေက လမ်းရှင်း ပေးလိုက်ပါတယ်။ နောက်ကားတွေကျတော့ လူအုပ်က ဆိုင်းဘုတ်ကို မြင်စေချင်လို့ ရှေ့တိုးနေပေမယ့် ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံတွေက ရှေ့ကနေ လမ်းရှင်းပေးလိုက်တဲ့ အတွက် ချက်ချင်း ဆက်ထွက် သွားနိုင်ပါတယ်။ ကားတန်းနောက်ကို မော်တော်ဆိုင်ကယ်တွေနဲ့ လိုက်သွားပြီး ဆက်သွယ်ရေး ရိပ်သာနား မှာ ''ကင်တားနား အလိုမရှိ၊ အလိုမရှိ''ဆိုတာ အော်ကြပါတယ်။ ဆိုင်ကယ်အစီး ၂၀ လောက်နဲ့ လူ ၄၀ လောက်ရှိမယ် ခန့်မှန်းပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ပါဘူး။ ကားဖြတ်သွားတဲ့ အချိန်မှာ ကားကိုလက်နဲ့ လှမ်းပုတ်တာ အနည်းအကျဉ်း ရှိပေမယ့် အန္တ ရာယ် တစ်စုံတစ်ရာ ဖြစ်အောင် ပုတ်တာ မဟုတ်ပါဘူး။ ကိုင်ထားတဲ့ ဆိုင်းဘုတ်ကို မြင်စေချင်တာရယ်၊ ကန့်ကွက်ဆန္ဒပြနေကြတဲ့ အသံကို ကြားစေချင်လို့ ပုတ်ကြတဲ့ သဘောပါပဲ။ လူအုပ်က ကန့်ကွက်တာကို မြင်စေချင်လို့ ရှေ့ကိုတအား တိုးနေတာပဲ ရှိပါတယ်။ အန္တရာယ် ပြုချင်လို့ မဟုတ်ပါဘူး။ နောက်ပြီးတော့ မန္တလေးကလာတဲ့ အချိန်မှာ မိတ္ထီလာကို ကံကောင်း လမ်းခွဲကနေဆင်းပြီး ၀င်လာတဲ့အတွက် တံတားထိပ်ကိုဖြတ်ရလို့ လူအုပ်နဲ့ တွေ့ရတာပါ။ မိတ္ထီလာမြို့ကို သီးကုန်းလမ်းခွဲကနေ ၀င်လာရင် တံတားထိပ်ကို ဖြတ်စရာ မလိုပါဘူး။ တံတား ထိပ်ကို မဖြတ်ရရင် လူအုပ်နဲ့လည်း တွေ့စရာမရှိပါဘူး။ လူအုပ်က ညနေ ၆ နာရီထဲက တံတားထိပ်ကို ရောက်တာပါ။ ည ၁၀ နာရီကျော်မှ ကားတန်းက မိတ္ထီလာကို ရောက်တာပါ။ အခြားလမ်းက လာခဲ့ရင် ဆက်သွယ်ရေး ရိပ်သာကို တန်းရောက်ပါတယ်။ လူအုပ်နဲ့ တွေ့စရာ မလိုပါဘူး။ ခရီးအကွာအဝေးလည်း အတူတူ လောက်ပါပဲ'' ဟု Eleven Media Group သတင်းထောက် ကိုဝဏ္ဏစိုးမှ ပြောကြားသည်။
မြန်မာနိုင်ငံသို့ ရှစ်ကြိမ်မြောက်အဖြစ် လာရောက်သော မစ္စတာ ကင်တားနား အနေဖြင့် သြဂုတ် ၂၁ ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိတ္ထီလာမြို့မှ အဖြစ်အပျက်ကို ပြောကြားရာ၌ စိတ်လှုပ်ရှားမှု လွန်ကဲသည့် ပုံစံမျိုး ဖြစ်နေကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ၎င်းတင်သွင်းမည့် အစီရင် ခံစာကြောင့် OIC အပါအ၀င် နိုင်ငံတကာ အစ္စလာမ် အသိုင်းအ၀ိုင်းက မြန်မာအစိုးရအပေါ် ဖိအားပေးလာ မည်ကို စိုးရိမ်မိကြောင်းလည်း ပြောကြားသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကင်တားနားသည် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် ပြောကြားထားသူဖြစ်ပြီး ယင်းဥပဒေသာ မရှိတော့ပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်မှ ခိုးဝင်နေ သူများ၏ အန္တရာယ်ကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ အကြားတွင် ကင်တားနားအား ယုံကြည်သူ နည်းပါကြောင်း သိရသည်။
eleven media group

No comments:
Post a Comment