Tuesday, August 20, 2013

ရွှေဘိုတွင် ရေကြီးနစ်မြုပ်၍ စပါးခင်းဧက ထောင်ချီပျက်စီး



Tuesday, August 20, 2013


မိုးခေါင်မှုများကြောင့် ဆည်ရေ မလုံလောက်၍ နွေစပါးစိုက်ရန် အခက်တွေ့ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တွင် ရေကြီးနစ်မြုပ်မှုကြောင့် နွေစပါးခင်းများနှင့် မိုးစပါးပျိုးခင်း ထောင်နှင့်ချီ ပျက်စီးခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ် အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မဟာနန္ဒာကန် ရေမြင့်တက်လာရာ မြို့ရေလွှမ်းမည်ကို စိုးရိမ်၍ ယင်းကန်နှင့် ဆက်သွယ်ထားသော OMC ရေဆိုးမြောင်း သို့ ဖောက်ချခဲ့ခြင်းကြောင့် မြောင်းရေလျှံကာ ရိတ်သိမ်းလုဆဲ နွေစပါးခင်း ဧကများနှင့် မိုးစပါးပျိုးခင်းများ ရေနစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါမြို့နယ် စိုက်ပျိုးရေးရုံးထံမှ သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုများကြောင့် ရွှေဘိုမြို့နယ် ပန်းရံ၊ လိပ်ချင်း၊ ခွန်တောင်းကြီးနှင့် နှမစာရစ်ကျေးရွာတို့ရှိ ရိတ်သိမ်းရန် ပြင်ဆင်နေ သည့် နွေစပါးခင်းဧက ၂၃၀ နှင့် မိုးစပါးပျိုးခင်းဧက ၁၅၀၀ ခန့် ရေနစ်ခဲ့သည်ဟု သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးရုံးက ထုတ်ပြန်ထားသော်လည်းအမှန် ရေနစ်မြုပ် နွေစပါခင်း ဧကတစ်ခုတည်းပင် ကျေးရွာလေးရွာပေါင်းလျှင် ဧကတစ်ထောင်ခန့် ရှိသည်ဟု လိပ်ချင်းကျေးရွာ ဒေသခံတောင်သူ ဦးမင်းထူးက ပြောကြားသည်။

“လိပ်ချင်းကွင်းက လုံးဝကို ရိတ်မရတော့ဘူး။ ချောင်းဘေးမှာ ရှိတဲ့လယ်တွေ အကုန်အပင်ကို မပေါ်တော့ဘူး။ ရေပြင် ဖြစ်သွားပြီ။ ၁၁ လုံးပြွန်က မြို့ရေလျှံမှာစိုးလို့ ရေဆိုးမြောင်းတွေထဲကို လွှတ်ချလိုက်တော့ တောင်သူတွေ အကုန်လုံး နစ်နာကုန်တာပေါ့” ဟု လိပ်ချင်းကုန်း ကျေးရွာဒေသခံ တောင်သူ ဦးပေါက ဆိုသည်။

ရေနစ်မြုပ်ခဲ့သော နွေစပါးခင်းများကို ဒေသခံတောင်သူများက ရသလောက် လိုက်လံ ရိတ်သိမ်းလျက်ရှိရာ လယ်တစ်ဧကလျှင် နွေစပါးတင်းတစ်ရာခန့် ပုံမှန်ထွက်ရှိသည့် လယ်များသည် လက်ရှိတွင် စပါးတင်း သုံးဆယ်ခန့်သာ ထွက်ရှိနိုင်တော့မည် ဖြစ်ကြောင်း ၎င်းကသုံးသပ်သည်။

“စပါးပင်တွေက အမည်းရောင်တွေ ဖြစ်ကုန်ပြီး အညှောက်တွေလည်း ထွက်နေတယ်။ ဈေးကောင်းရတော့မှာ မဟုတ်တော့ဘူး” ဟု ဦးမင်းထူးက ဆိုသည်။

လတ်တလော ဖြစ်ပေါ်နေသည့် ရွှေဘိုမြို့နယ် ကျေးရွာအချို့၏ စပါးခင်းများ ရေနစ်မြုပ်မှုသည် မိုးသည်းထန်၍ ရေကြီးနစ်မြုပ်ခြင်း ထက် ရေဆိုးမြောင်းဘောင် နိမ့်ခြင်းကြောင့် မြောင်းရေ လျှံကာ ရေကြီးခြင်းဖြစ်ပြီး ခွန်တောင်းကြီးကျေးရွာသည် စပါးခင်းများ ရွာလုံးကျွတ် ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံတောင်သူ ဦးပိုက ပြောကြားသည်။

“လမ်းဘေးလယ်တွေက ရိတ်ယူလို့ ရသေးတယ်။ ကျွန်တော့်လယ်ကတော့ လုံးဝပြားသွားလို့ ရိတ်လို့မရတော့ဘူး။ ပျိုးခင်းအတွက် နှစ်တင်းကြဲထားတာ လဲ အကုန်ရေနစ်နေပြီ။ ရေကျသွားရင်လည်း သက်ငယ်စပါး ပြန်စိုက်ရင် အရင်းနှစ်ခါ ကုန်ဦးမယ်။ နွေစပါးက လုံးဝဆုံးရှုံးသွားပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါဒေသများရှိ ရေနစ်မြုပ်နေသည့် နွေစပါးခင်းများကို တစ်ဧကလျှင် ရိတ်သိမ်းခ ကျပ်ငါးသောင်းပေး၍ ရိတ်သိမ်းရလျက်ရှိပြီး ထော်လာဂျီ ဝင်မရသည့် လယ်များတွင် စက်လှေများကို တစ်ခေါက်လျှင် ကျပ်တစ်သောင်းခန့်ဖြင့် တစ်ဧကလျှင် စပါးပင်သယ်ယူရန်အတွက် အနည်းဆုံး သုံးခေါက်ခန့် ငှားရမ်းသယ်ယူရလျက် ရှိကြောင်း ယင်းကျေးရွာဒေသခံ တောင်သူများထံမှ သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ရွှေဘိုမြို့နယ် ပန်းရံကျေးရွာတွင် နွေစပါး စိုက်ဧက ၃၀၊ မိုးစပါး စိုက်ဧက ၄၅ ဧကနှင့် မိုးစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးရန် ပျိုးထောင် ထားသည့် မိုးစပါးပျိုးခင်းဧက ၈၀၊ လိပ်ချင်းကျေးရွာတွင် နွေစပါးစိုက်ဧက ၈၀၊ မိုးစပါးစိုက်ဧက ၂၀၀ အတွက် ပျိုးထောင်ထားသည့် မိုးစပါးပျိုးခင်း ဧက ၂၀၊ ခွန်တောင်ကြီးကျေးရွာတွင် နွေစပါးစိုက်ဧက ၁၀၀၊ မိုးစပါးစိုက်ဧက ၃၀၀ အတွက် ပျိုးထောင်ထားသည့် မိုးစပါး ပျိုးခင်းဧက ၃၀ နှင့် နှမစာရစ် (နှမသစ်) ကျေးရွာတွင် နွေစပါးစိုက်ခင်း ၁၀ ဧက၊ မိုးစပါးစိုက်ဧက ၂၀၀ စိုက်ပျိုးရန် ပျိုးထောင်ထားသည့် မိုးစပါးပျိုးခင်းဧက ၂၀ ရေနစ်မြုပ်ခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments: