Monday, August 12, 2013

သမ္မတ ဦးသိန်းစိန် ဖွံ့ဖြိုးရေးအတွက် လမ်းပြမြေပုံ အချက် ၇ ချက် ထုတ်ပြန်


Monday, August 12, 2013


သက်တမ်း တစ်ဝက်ကျိုးသွားပြီဖြစ်သော သမ္မတ ဦးသိန်းစိန်က ကျန်ရှိနေသေးသည့် သူ့အစိုးရသက်တမ်း လ ၃၀ အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းငန်းများ လုပ်ဆောင်ရန် လမ်းပြမြေပုံအဖြစ် အချက် ၇ ချက်ကို လမ်းညွှန် လိုက်ပြီး ထိုလမ်းညွှန်ချက်များကို သြဂုတ်လ ၁၂ ရက် သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထား သည်။

သမ္မတ ဦးသိန်းစိန်က ဝန်ကြီးများ ပြည်နယ်နှင့်တိုင်း ပြည်နယ်ဝန်ကြီးများ ဒုတိယဝန်ကြီးများနှင့် သြဂုတ်လ ၉ ရက်ကတွေ့ဆုံရာတွင် ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ချက် ၇ ချက်ကို ချပြလိုက်ပြီး သူ့အစိုးရ ကျန်ရှိသက် တမ်း လ ၃၀ အတွင်း အပြီးပြတ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


လျှပ်စစ်မီးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လျှပ်စစ်မီးအပြည့်အဝရရှိရေး စီမံဆောင်ရွက်ရန် ညွှန်ကြား ထားပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း လျှပ်စစ်တိုးမြှင့်သုံးစွဲနိုင်ရန် သူ၏ အစိုးရအဖွဲ့ဝင်များကို သမ္မတက ညွှန်ကြားထားသည်။ သောက်သုံးရေကိုလည်း ရန်ကုန်နှင့် မန္တလေးမြို့များအပြင် တိုင်းနှင့်ပြည် နယ်အသီးသီးတွင်လည်း ဖူလုံစွာ ရရှိနိုင်အောင် စီမံရန် ညွှန်ကြားသည်။

စိုက်ပျိုးရေး ကဏ္ဍအတွက်မူ မျိုးစေ့လိုအပ်ချက်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်၊အရင်းအနှီးလိုအပ် လျက်ရှိသည့်တောင်သူများအတွက် လိုအပ်ချက်များ ဖြည့်စည်းဆောင်ရွက်ရန်ကိုလည်း ညွှန်ကြားထား သည်။ အလုပ်အကိုင်ရရှိရေးအတွက်တွင် စက်မှုဇုံများ၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ အထူးစီးပွားရေး လုပ်ငန်းဇုန်များ အကောင်အထည်ဖေါ်ရန်ပါဝင်သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်နှင် ငွေကြေးလုပ်ငန်းအတွက်မူ ဘဏ်လုပ်ငန်းများ တိုးတက်ရန်၊ အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးရန်တို့ကို ညွှန်ကြားထားသည်။ နောက်ဆုံး လမ်းညွှန်ချက်ဖြစ်သော အချက် ၇ လမ်းညွှန်ချက်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သိသာစွာ တိုးတက်အောင်လုပ်ဆောင်ရန်တို့ကို သူ၏ အစိုးရအဖွဲ့ဝင်များသို့ သမ္မတက ညွှန်ကြားထားသည်။

သြဂုတ်လ ၉ ရက်က အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က သူဦးဆောင်သည့် အစိုးရ သက်တမ်း လပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များ၊ အုပ်ချုပ်မှု စွမ်းဆောင် ရည် အားနည်းမှု၊ အဂတိလိုက်စားခြင်းတို့ကို ထောက်ပြပြောဆိုထားသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သူကိုယ်တိုင် ဦးဆောင်လုပ်ကိုင်တော့မည်ဟုလည်း သမ္မတက ပြောဆိုသွားသည်။ "ဒီနေ့ကစပြီးနိုင်ငံတော်အဆင့် ပြုပြင် ပြောင်းလဲရေး ဦးဆောင်ကော်မတီကို သီးခြား
ဖွဲ့စည်းပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်အာရုံစိုက် လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု သမ္မတ က ပြောသည်။  

Mizzima - News in Burmese

No comments: