Saturday, August 24, 2013
တိုင်းဒေသကြီး ဦးစီးမှူးများနှင့် ဝန်ကြီးများ နှစ်ပတ်တစ်ကြိမ်တွေ့ဆုံရန် ဝန်ကြီးချုပ် ညွှန်ကြား
Saturday, 24 August 2013
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဝန်ကြီးဌာနများ၏ တိုင်းအဆင့် အရာရှိများအနေနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းကို အနည်းဆုံး နှစ်ပတ် တစ်ကြိမ် ပြုလုပ်ရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ (၁) တွင် သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသည့် တိုင်းဒေသကြီးဝန်ကြီးဌာန အကြီးအကဲများနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
ဝန်ကြီးဌာနအလိုက် အကောင်အထည် ဖော်ရသည့် လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် ညှိနှိုင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်မံပြောကြားသည်။
“တစ်ပတ်တစ်ကြိမ်လောက်တော့ အနည်းဆုံး တွေ့ဖြစ်ပါတယ်။ ဌာနဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ဆိုသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ အသီးသီး ပေါင်းစပ်ဆောင်ရွက်ရာတွင် အောက်ခြေဝန်ထမ်းများလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။
“အောက်ကဝန်ထမ်းတွေ အနေနဲ့ကတော့ ဝန်ထမ်းတိုင်း အသိရှိတဲ့သူ၊ အသိမရှိတဲ့သူ ပါတာပေါ့။ ဒီလိုပဲ ပြုပြင်ပြောင်းလဲပေးရတာပေါ့” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။
တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများကို ပြည်ထောင်စု ဝန်ကြီးဌာနများက တိုက်ရိုက်ကြီးကြပ်ခြင်း မပြုဘဲ၊ သက်ဆိုင်ရာ အစိုးရများက စီမံခန့်ခွဲ၊ လမ်းညွန်၊ ကြီးကြပ်၊ စစ်ဆေး ဆောင်ရွက်သွားရန် သြဂုတ်လ ၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ယင်းအပြင် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာရေးအတွက် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက အကဲဖြတ်ချက်ပေါ် မူတည်၍ ပြည်ထောင်စုဝန်ကြီးဌာနများ ရာထူးတိုးမြှင့်ရေးနှင့် အပြောင်းအရွှေ့ စီမံချက်များ ဆောင်ရွက်ရန် သမ္မတကြီးက ပြောကြားထားသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment