Saturday, August 24, 2013

ယာဉ်မသုံးရနေ့ ပထမဆုံးကျင်းပရန်တင်ပြ



Saturday, 24 August 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ယာဉ်မသုံးရနေ့ကို ကျင်းပရေးအတွက် မထသ (ဗဟို) မှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသို့ သြဂုတ်လ ဒုတိယပတ်က တင်ပြထားကြောင်း ယင်းကော်မတီမှ စုံစမ်းသိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပနေပြီဖြစ်၍ ၎င်းနိုင်ငံများကဲ့သို့ပင် နှစ်ကုန်ရန် ရက်တစ်ရာလိုသည့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပရန် တင်ပြထားခြင်း ဖြစ်ကြောင်း မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


အများပြည်သူသုံး ဘတ်စ်ကားများ၊ တက္ကစီများ၊ ဝန်ထမ်းကြိုပို့ယာဉ်များ၊ အရေးပေါ် လူနာတင်ယာဉ်များမှအပ မလိုအပ်ဘဲ ရှိနေသည့် ကျန်မော်တော်ယာဉ်များ မသုံးစွဲရန် ညွှန်ကြားသွားမည်ဖြစ်ပြီး ရာသီဥတု သာယာသည့်နေ့ ဖြစ်သောကြောင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းများဖြင့် လေကောင်းလေသန့် ရနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခင်က ဌာနဆိုင်ရာများတွင် လစဉ်ပထမပတ်၏ တနင်္ဂနွေနေ့ကို ဌာနဆိုင်ရာ ယာဉ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ခဲ့ဖူးကြောင်း အငြိမ်းစား အရာထမ်းတစ်ဦးက ဆိုသည်။

အဆိုပါနေ့တွင် ရပ်နားခိုင်းသည့်ယာဉ်များ မရပ်နားပါက သက်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ကြီးကြပ်ထိန်းသိမ်းရန် ညွှန်ကြားလိမ့်မည်ဖြစ်ပြီး လိုအပ်ပါက မထသ ဘက်မှလည်း ကြီးကြပ်ပေးသွားမည်ဟု မထသ (ဗဟို) တာဝန်ရှိသူက ပြောကြားသည်။

ယင်းနေ့တွင် အရေးတကြီးသွားရန်ရှိပါက သက်ဆိုင်ရာဌာနများတွင် ကြိုတင် စာတင်ရမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ကိုယ်ပိုင်ယာဉ် မသုံးရသော်လည်း တက္ကစီ ငှားသွား၍ ရသောကြောင့် အဆင်ပြေကြောင်း၊ ကိုယ်ပိုင်ကားဖြင့် မသွားမဖြစ် သွားရမည်ဆိုပါက သက်ဆိုင်ရာသို့ စာကြိုတင်ရသဖြင့် အလုပ်ပိုရှုပ်ကြောင်း ကားအရောင်းအဝယ်ကုမ္ပဏီ တည်ထောင်ထားသူ လုပ်ငန်းရှင်တစ်ဦးက ဆို သည်။

ရန်ကုန်မြို့တွင် မထသယာဉ်လိုင်း အဖွဲ့အစည်း ၁၇လိုင်း၊ ယာဉ်စီးရေ ၅,၈၀၀ ကျော်နှင့် မထသ (အဝေးပြေး) တွင် ယာဉ်လိုင်း ၁၄၀ လိုင်း၊ ယာဉ်စီးရေ ၁၃၂၂ စီးနှင့် တက္ကစီစီးရေ ၂၂,၀၀၀ ကျော်ရှိကြောင်း မထသ (ဗဟို)၏ တရားဝင်စာရင်းများအရ သိရသည်။

The Voice Weekly

No comments: