Wednesday, August 14, 2013

အသင်းဖွဲ့များဆိုင်ရာ ဥပဒေကြမ်း အရပ်ဖက်အဖွဲ့စည်းတွေ စုပေါင်းဆွေးနွေး

ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုထားတဲ့ အသင်းဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနေ့ ပြည်တွင်းအခြေစိုက် အရပ်ဖက်အဖွဲ့စည်းတွေ စုပေါင်းပြီး အမြင်သဘောထားတွေ ဆွေးနွေးခဲ့ကြပါတယ်။


ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ အရပ်ဖက်အဖွဲ့အစည်း ၁ဝဝ ကျော်တို့က အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်သင့်သလား၊ အသစ်ရေးဆွဲသင့်သလား၊ အဲဒီဥပဒေ မရှိသင့်ဘူးလားဆိုတဲ့ ခေါင်းစဉ်သုံးခုခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။

လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီက တင်သွင်းထားတဲ့ အသင်းဖွဲ့များဆိုင်ရာ ဥပဒေကြမ်းဟာ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေကို ကန့်သတ်ချုပ်ချယ်မှုတွေ ပါဝင်နေတဲ့အတွက်ကြောင့် အခုလို ဆွေးနွေးပွဲ ကျင်းပရတာဖြစ်တယ်လို့ ပြည်တွင်းလူမှုရေးအဖွဲ့များကွန်ရက် ဥက္ကဌ ဒေါ်နွယ်ဇင်ဝင်းက RFA ကိုပြောပါတယ်။

အလားတူ အထက်မြန်မာပြည်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေကလည်း မန္တလေးမြို့ ဗြဟ္မစိုရ် ပရဟိတအသင်းရုံးခန်းမှာလည်း အသင်းဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲတွေက ထွက်ပေါ်လာမယ့် အကြံပြုချက်တွေကို လာမယ့်သြဂုတ်လ ၁၅ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာတွေဆုံပြီး တင်ပြသွားမယ်လို့ သိရပါတယ်။

RFA

No comments: