Tuesday, August 20, 2013

အိန္ဒိယပဲခင်းပျက်၍ မြန်မာ့ပဲစုံ ဈေးမြှင့်ဝယ်


Tuesday, August 20, 2013

အိန္ဒိယနိုင်ငံတွင် မိုးများပြီး ပဲစိုက်ခင်းအချို့ ပျက်စီးမှုရှိခဲ့၍ မြန်မာနိုင်ငံမှ တင်ပို့သည့် ပဲမျိုးစုံ ပေါက်ဈေးကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ နှင့်အထက် ဈေးမြှင့်၍ ဝယ်ယူလာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ယင်းသို့ အိန္ဒိယနိုင်ငံတွင် ဇူလိုင်လ အတွင်းက မိုးရွာသွန်းမှု များခဲ့ပြီးနောက် သြဂုတ်လဆန်းပိုင်းခန့်မှ စတင်၍ ပြည်တွင်း ပဲဈေးကွက်တွင် အရောင်းအဝယ်ကောင်း၍ ပဲမျိုးစုံတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၀ ဒေါ်လာမှ ၄၀ ဒေါ်လာခန့်ထိ ဈေးမြှင့်ပေး ဝယ်ယူလာခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။


“အိန္ဒိယက အဝယ်တက်လာတယ်။ မိုးကြီးတော့ ပဲခင်းတွေ အပျက်များတာကြောင့်လို့ ထင်တယ်။ ပဲက မိုးများလို့ မရဘူးလေ။ မတ်ပဲတို့၊ ပဲစင်းငုံတို့က ပြည်တွင်းက သိပ်မစားတော့ ပြည်ပကို လိုသလောက် ပို့နိုင်တယ်” ဟု ၎င်းကပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက မတ်ပဲ (FAQ) တစ်တန်လျှင် FOB သင်္ဘောတင်ဈေး ကန်ဒေါ်လာ ၅၀၀ ခန့်နှင့် ပဲစင်းငုံ (RV) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၀ ခန့် ပေါက်ဈေး ရှိခဲ့ရာမှ သြဂုတ်လ ၁၉ ရက်နေ့တွင် အဆိုပါ မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၀ ခန့်နှင့် ပဲစင်းငုံ (RV) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၀ ခန့် ဈေးမြင့်တက်လာကြောင်း ရန်ကုန် ပဲမျိုးစုံဈေးကွက်အတွင်းမှ သိရသည်။

“ဇူလိုင်လဆန်းပိုင်းတုန်းက သူတို့ဆီမှာ ရာသီဥတု ကောင်းနေတာရယ်၊ ရူပီးဈေး ဖောင်းပွနေတာရယ်ကြောင့် အဝယ်အေးပြီး ဈေးကျသွားသေးတယ်။ ဒီလမှ ပြန်ကောင်းလာတာ” ဟု ရန်ကုန်မြို့တော်အခြေစိုက် ပဲမျိုးစုံ တင်ပို့ရောင်းချသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့ထိ ပဲမျိုးစုံတန်ချိန် လေးသိန်းခန့် တင်ပို့ခဲ့ရာ မတ်ပဲတန်ချိန် ၁၇၀,၀၀၀ ခန့်နှင့် ပဲစင်းငုံတန်ချိန် ၁၃၀,၀၀၀ ခန့် တင်ပို့ခဲ့ပြီး အဆိုပါပဲများမှာ ပြည်ပတင်ပို့မှု ပဲများထဲတွင် ပမာဏအများဆုံး ဖြစ်ကြောင်း ယင်းအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments: