Tuesday, August 13, 2013

လူအများထင်ထားသည်ထက် မိသားစုဘဝက ပိုမိုရိုးရှင်းဟု ဗစ်တိုးရီးယား ဆို


Tuesday, 13 August 2013

မိမိတို့၏ မိသားစုသည် လူအများ ထင်မှတ်ထားသည်ထက် ပိုမို၍ သမားရိုးကျဆန်ဆန် ရိုးရှင်းကြောင်း ဗစ်တိုးရီးယား ဘက်ဟမ်းကပြောကြားလိုက်သည်။ Spice Girls အမျိုးသမီး ဂီတအဖွဲ့နှင့်အတူ အောင်မြင်ခဲ့ ပြီးနောက် ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်လ်နယ်ပယ်ကိုကူးပြောင်းရာတွင် ဗစ်တိုးရီးယားအနေဖြင့် ကြယ်တစ်ပွင့် အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။ သူမ၏ ခင်ပွန်းသည် ဒေးဗစ်ဘက်ဟမ်းမှာလည်း အင်္ဂလန် ဘောလုံး လောကတွင်ရော၊ ကမ္ဘာ့ဘောလုံးလောကတွင်ပါ လူအများ လေးစားခံရသည့် ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ယခုနွေရာသီတွင် ဘောလုံးလောကမှ အနားယူခဲ့သည်။ သား(၃)ဦးနှင့် သမီး(၁)ဦးတို့ပါ ရှိ နေသော ဘက်ဟမ်းမိသားစုသည် ဗြိတိန်၏ ရွှေရောင် မိသားစုတစ်ခုအနေဖြင့် ရည်ညွှန်းခံရလေ့ ရှိသည်။


သို့သော်လည်း Vogue မဂ္ဂဇင်းတွင် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ခဲ့ပြီးနောက်ဖြေကြားသည့် အင်တာဗျူးတွင် ဗစ်တိုးရီးယားက သူမတို့ မိသားစုသည် သာမန်ပင်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၃၉)နှစ်ရှိ ဗစ်တိုး ရီးယားက "တစ်ခါတစ်လေတော့လည်း ကလေးတွေကို သိပ်ပြီးမှ ကျွန်မရဲ့ မျက်တောင်တုတွေကို ချွတ် ရတယ်။ ရိုးရိုးသားသား ပြောရရင်တော့ ဒါဟာ ပင်ပန်းလွန်းပါတယ်။ ကျွန်မရဲ့ ကလေးတွေထဲမှာ ဘရွတ် ကလင်းကတော့ နောက်ဆုံးမှ အိပ်ရာဝင်တတ်တယ်။ တကယ်တော့ ကျွန်မတို့ မိသားစုဟာ လူတွေ ထင်ထားတာထက် အများကြီး သာမန်ဆန်ဆန် ဖြတ်သန်းနေတာပါ"ဟု ပြောကြားခဲ့သည်။

သူမက ခင်ပွန်းသည်၏ အောင်မြင်ခဲ့သော ဘောလုံးသမား ဘဝအတွက်ကျေနပ်ကြောင်းလည်း ဆိုသည်။ "ဒေးဗစ်အတွက် ကျွန်မတို့ အင်မတန် ဂုဏ်ယူမိခဲ့တာပါ။ သူကစားတဲ့ ကလပ်တွေက ကမ္ဘာအနှံ့ ပြောင်း ရွှေ့နေတာလေ။ ဒါပေမဲ့ ကျွန်မတို့လည်း လိုက်အခြေချပြီး သူ့ကို ကူညီခဲ့ကြပါတယ်။ (၁၅)နှစ်လုံးလုံး သူ့ရဲ့ ဩဇာသက်ရောက်မှုဟာ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော ဘောလုံးပရိသတ်တွေအပြင် ကျွန်မနဲ့ ကလေးတွေအပေါ်မှာလည်း သက်ရောက်ခဲ့တယ်။ ခုတော့ မိသားစုအတွက် သူအချိန်များများ ပိုပေးနိုင်မှာကို တွေးမိပြီး စိတ်လှုပ်ရှားမိပါတယ်"ဟုလည်း ဗစ်တိုးရီးယားက ဖွင့်ဟသွားခဲ့သည်။

Planet Myanmar Network

No comments: