Saturday, August 31, 2013
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော စပရတ်တလေကျွန်းစုများတွင် စစ်သင်္ဘော များလာရောက် ဆိုက်ကပ်နိုင်မည့် စစ်အခြေစိုက် ဆိပ်ကမ်းတစ်ခုကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် အကုန်ခံ၍ တည်ဆောက်ရန် ထိုင်ဝမ်အစိုးရက စီစဉ်လျက်ရှိကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထား သည်။
အဆိုပါ အစီအစဉ်ကို သြဂုတ်လ ၂၉ ရက်နေ့ ကြာသပတေးနေ့က ပါလီမန်သို့ တင်ပြခဲ့ပြီး ပါလီမန်ကလည်း အဆိုပါ အစီအစဉ်ကို သဘောတူဖွယ် ရှိသည်ဟု သတင်းရင်းမြစ်များက ပြောဆိုကြသည်။
ပိုင်ဆိုင်မှု အငြင်းပွားနေဆဲ စပရတ်တလေကျွန်းစုများ အတွင်းရှိ ထိုင်ဝမ် ထိန်းချုပ်ထားသော တိုင်ဖင်းကျွန်း တွင် မူလရှိနေပြီးသား ဆိပ်ကမ်းကို အဆင့်မြှင့်သည့် အစီအစဉ် ဖြစ်သည်။
ယင်းအစီအစဉ်ကို ထိုင်ဝမ်ပါလီမန်က အတည်ပြုပြီးခဲ့လျှင် လက်တွေ့လုပ်ကိုင်သည့် အဆင့်ကို ၂၀၁၆ တွင် စတင်မည် ဖြစ်သည်။
“ဒေသတွင်း အခြားနိုင်ငံတွေက ရေတပ်အင်အားနဲ့ လေတပ်အင်အားကို တိုးချဲ့နေချိန်ဖြစ်တဲ့အတွက် အမျိုးသားလုံခြုံရေး အာဏာပိုင်တွေက ဒီစီမံကိန်းကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဥပဒေပြုအမတ် လင်ယုဖန်းက ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
မစ္စတာလင်ယုဖန်းသည် အာဏာရ ကူမင်တန်ပါတီမှဖြစ်ပြီး လွှတ်တော်အတွင်းတွင်လည်း ကာကွယ်ရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
အဆိုပါ စစ်အခြေစိုက်စခန်း ပြီးစီးပါက ထောက်ပံ့ပို့ဆောင်ရေး သင်္ဘောများသာမက ဖရီးဂိတ် စစ်သင်္ဘော ကြီးများပင် ဆိုက်ကပ်နိုင်မည် ဖြစ်သည်ဟု ကနဦးအစီရင်ခံစာများက ဖော်ပြထားသည်။
ယခုလက်ရှိတိုင်ဖင်းကျွန်းဆိပ်ကမ်းသည် သေးငယ်သော ကင်းလှည့်ရေယာဉ်များသာ ဆိုက်ကပ်ခြင်း ပြုနိုင်သည်။ တိုင်ဖင်းတွင် စစ်သင်္ဘောဆိပ်ကမ်းသစ် တည်ဆောက်ပြီးပါက လေယာဉ်ပြေးလမ်းကိုလည်း တိုးချဲ့မည်ဟု လွှတ်တော်ရှိ ကာကွယ်ရေးကော်မတီဝင် မစ္စတာလင်းက အတည်ပြု ပြောကြားခဲ့သည်။
စပရတ်တလေကျွန်းစုကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုနေကြသည့် နိုင်ငံများက ကန့်ကွက်နေသည့် ကြားမှ ထိုင်ဝမ်သည် ၂၀၀၆ ခုနှစ်တွင် မီတာ ၁၁၅၀ ရှည်လျားသော လေယာဉ်ပြေးလမ်းကို တည်ဆောက် ခဲ့သည်။
The Voice Weekly
No comments:
Post a Comment