Tuesday, August 13, 2013

အာကာသအတွင်းရှိ အဖိုးတန် ဓာတ်သတ္တုများကို NASA ထောက်လှမ်းမည်

Tuesday, 13 August 2013 
အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က အာကာသအတွင်းရှိ အဖိုးတန် ဓာတ်သတ္တုများကို ရယူနိုင်ရန် ထောက်လှမ်းမှုပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။ OSIRIS-REx အမည်ရှိ ထောက်လှမ်း ရေး အာကာသယာဉ်ကို (၂၀၁၆)ခုနှစ်တွင် လွှတ်တင်သွားရန် NASAက ရည်ရွယ်ထားပြီး ယင်းသည် ဘန်နူ ဂြိုဟ်သိမ်ဂြိုဟ်မွှားထံသို့ (၂၀၁၈)ခုနှစ်တွင် အခြေချနိုင်မည်ဟု ပညာရှင်များက မျှော်လင့်ထားသည်။ 

ဘန်နူ၏ မျက်နှာပြင်တွင် အဖိုးတန် သတ္တုသိုက်များ ရှိနေမည်ဟု ယုံကြည်ထားသည်။ NASA၏ အနာဂတ် ရည်မှန်းချက် တစ်ခုဖြစ်သည့် အာကာသ မိုင်းတူးလုပ်ငန်း၏ အစပြုမှုဖြစ်သော ခရီးစဉ်ကို(၂၀၁၆)တွင် အကောင်အထည် ဖော်မည်ဟု အေဂျင်စီက ကြေညာသည်။

အဆိုပါ ခရီးစဉ်သည် သိပ္ပံပညာဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် အတွက်ရော၊ ကမ္ဘာပေါ်တွင် ရှားပါးလှသည့် သတ္တုများကို လူသားများအတွက် ရယူနိုင်ရန် အတွက်ပါ ကောင်းကျိုး သက်ရောက်စေမည် ဟု NASAမှ ပညာရှင်များက မျှော်လင့်ထားသည်။ ကမ္ဘာပေါ်တွင် သတ္တုသိုက် အရင်းအမြစ်များ တစ်စထက် တစ်စ လျော့နည်း ဆုတ်ယုတ်လာသလို သဘာဝ သယံဇာတများ ရယူရေးအတွက် နိုင်ငံများကြား ပဋိပက္ခ များ ကြီးထွားလာသည့်အခြေအနေကို ယခုနည်းလမ်းဖြင့် ထွက်ပေါက်ရှာနိုင်ရန် သုတေသီများက မျှော်လင့် ထားသည်။

အာကာသထဲတွင် မျောလွင့်နေသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများပေါ်၌ သတ္တုရိုင်းသိုက်များ ပေါကြွယ်ဝစွာ ရှိနေ သည်ဟု သုတေသီများက ယုံကြည်ထားသည်။ သံနှင့် ပလက်တီနမ်ကဲ့သို့ သတ္တုရိုင်းများသည် လူသားများ၏ ကောင်းကျိုးအတွက် ကြွယ်ကြွယ်ဝဝ အသုံးချနိုင်လောက်သည့် ရင်းမြစ်များ အနေဖြင့် ယင်းဂြိုဟ်သိမ်များ ပေါ်၌ ခိုအောင်းလျှက် ရှိသည်ဟု NASAက ဆိုသည်။ "(၁၀)မီတာလောက်ပဲရှိတဲ့ ဂြိုဟ်သိမ်သေးသေးလေး လောက်ကို S-Typeလို့ အမှတ်သညာ ပြုပါတယ်။ အဲဒီလို S-Type ဂြိုဟ်သိမ်လေး တစ်ခုပေါ်မှာတင် သတ္တုပမာဏ ပေါင်ချိန် (၁၄၃၃၀၀၀)လောက် ရှိတတ်တယ်။ အဲဒီထဲမှာ ပလက်တီနမ်နဲ့ ရွှေလို အဖိုးတန် သတ္တုတွေက ပေါင်ချိန် (၁၁၀)လောက် ပါဝင်နေတတ်တယ်"ဟု အရီဇိုးနား တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒန်တီလော်ရက်တာက ရှင်းပြခဲ့သည်။ ၎င်းသည် NASA၏ OSIRIS-REx ပရောဂျက်တွင် ဦးဆောင် စုံစမ်းရေး ပညာရှင် တစ်ဦးလည်း ဖြစ်သည်။

NASAအတွက် အဓိက ပြဿနာမှာ ဂြိုဟ်သိမ်များရှိ သတ္တုသိုက်များကို တူးဖော် ရယူရာတွင် ဒေါ်လာ သန်းပေါင်းများစွာ၊ သို့မဟုတ် ဘီလျံနှင့်ချီ ကုန်ကျမည့် အာကာသစခန်းများ တည်ဆောက်ရန် လိုအပ်ခြင်း ဖြစ်သည်။ထို့အပြင် အာကာသထဲတွင် သတ္တုသိုက်များ တူးဖော်ရာ၌ အတွေ့အကြုံ၊မြေပုံစနစ်နှင့်သတ္တုသိုက် အမျိုးအစား ခွဲခြားနိုင်စွမ်းတို့ အားနည်း ချို့တဲ့နေဆဲ ဖြစ်သည်။ OSIRIS-REx (Origins, Spectral Interpretation, Resource Identification, Security and Regolith Explorer)သည် လိုအပ်သောအတွေ့ အကြုံပိုင်းကို ဖြည့်တင်းပေးနိုင်မည့် ခြေလှမ်းဟု NASAက ယူဆထားသည်။

အဆိုပါ အာကာသယာဉ်ကို (၂၀၁၆)ခုနှစ်၊ စက်တင်ဘာလတွင် လွှတ်တင်ပြီး ဘန်နူ၏ မျက်နှာပြင်ပေါ်သို့
(၂၀၁၈)ခုနှစ်၊ အောက်တိုဘာလတွင် ဆင်းသက်နိုင်ရန် မျှော်လင့်ထားသည်။ ထို့နောက် ဂြိုဟ်သိမ် မျက်နှာပြင်ပေါ်မှ သတ္တု နမူနာများကို ရယူပြီး ကမ္ဘာမြေသို့ ပြန်လာမည်ဟု သိရသည်။

ယမန်နှစ်က Google ကုမ္ပဏီနှင့် ဟောလီးဝုဒ် ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်တို့က ကူညီထောက်ပံ့သည့် သိပ္ပံပညာရှင် အဖွဲ့တစ်ခုက မိမိတို့သည် ဂြိုဟ်သိမ်များပေါ်မှ သတ္တုသိုက်များကိုတူးယူနိုင်ရန်ကြိုးစားနေ ကြောင်း ကြေညာခဲ့ဖူးသည်။

NASAမှ သိပ္ပံပညာရှင်များသည် လာမည့် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုပါ ရည်မှန်းချက် လက်တွေ့ ဖြစ်မြောက်လာမည်ဟု ယုံကြည်နေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

No comments: