Wednesday, August 21, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ (၂၅) နှစ်မြောက် ငွေရတုပွဲ ကျင်းပရန်အတွက် အကြိုအစည်းအဝေး ကျင်းပ

Wednesday, August 21, 2013


၂၀၁၃၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် NLD ပါတီ၏ ၂၅ နှစ်မြောက် ငွေရတုပွဲ ကျင်းပပြု လုပ်ရန်အတွက် အကြိုအစည်းအဝေးကို သြဂုတ် ၂၀ ရက်က ရွှေဂုံတိုင်ရုံးချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် နာယကကြီး ဦးတင်ဦးက အဖွဲ့ချုပ် ငွေရတုအခမ်းအနားအား ရုံးချုပ်တွင်သာမက အခြားပြည်နယ်နှင့် တိုင်းများတွင်ပါ ကျင်းပစေရန် တိုက်တွန်းခဲ့ပြီး ထိုအစည်းအဝေးသို့ ကော်မတီအသီးသီး မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်ဟုလည်း သတင်းရရှိသည်။ ငွေရတု အခမ်းအနားတွင် ၂၅ နှစ်တာ ကာလ ဖြတ်သန်းမှုများတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ အပြောင်းအလဲများ၊လှုပ်ရှားဆောင်ရွက်ခဲ့ပုံ များအားကြေညာချက် ထုတ်ပြန်ရန်ရှိပြီး ထိုကြေညာချက်တွင် အပြည့်အစုံဖော်ပြနိုင်ရန် ဆွေးနွေးခဲ့ကြ သည်။ ထိုအခမ်းအနားသို့ တိုင်းရင်းသားများ ကိုလည်း ဖိတ်ကြားရန် စီစဉ်ထားပြီး ဖျော်ဖြေပွဲအဖြစ် ပန်းရဲ့ လမ်း၊ ပန်းပျိုးလက် အစရှိသည့် အဖွဲ့များက ဖျော်ဖြေမည်ဟုလည်း သိရသည်။

ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မုံရွာအောင်ရှင်က "၂၅ နှစ်ကာလ တစ်လျှောက်လုံးကတော့ ဘာပဲဖြစ်ဖြစ် ခါးသီးတဲ့ ရုန်းကန်မှုတွေ အများကြီး လုပ်ခဲ့ရတယ်။ ၂၀၁၂ နောက်ပိုင်းမှသာ အတော်အသင့် သက်သာလာတာပါ။ ၂၃ နှစ်လောက်က တော်တော်ရုန်းကန်ခဲ့ကြရတယ်။ တချို့ဆိုရင်အသက်စွန့်သွားကြ ရတယ်။ အချို့ကတော့ ဘ၀တွေ ပျက်သွားကြရတာတွေ ရှိတယ်။ အဲဒီတော့ ဒီလူတွေရဲ့ စွန့်လွှတ်စွန့်စားမှု တွေကြောင့် ဒီလိုအခြေအနေ ရလာတာလို့ တို့တော့ယုံကြည်ပါတယ်။ အခုအခြေအနေက စွန့်လွှတ်ကြတဲ့ လူတွေ လိုချင်ဆန္ဒရှိတဲ့ အတိုင်းတော့ မရသေးပါဘူး။ အခုမှ အစပဲ ရှိပါသေးတယ်။ ဦးဝင်းတင်စကားနဲ့ ပြောရရင် ပြည်သူတွေဟာ ဥမင်လိုဏ်ခေါင်းထဲမှာပဲ ရှိသေးတယ်။ အခုမှ ဥမင်လိုဏ်ခေါင်းရဲ့ ဟိုဘက်က အလင်းရောင်ကို မြင်သေးတဲ့ သဘောလောက်ပဲ ရှိသေးတယ်။

အခုအချိန်အထိ တရားဥပဒေ စိုးမိုးမှုလည်း မရှိသေးဘူး။ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရသေးဘူး။ ပိုဆိုး တာက စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ ၂၀၀၈ အခြေခံဥပဒေကိုလည်း မပြင်နိုင်သေးဘူး။ ပြောရရင် တော့ အတော်အသင့်ပဲ ပြောင်းလဲသေးတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတော့ မဖြစ်သေးဘူးပေါ့" ဟု မုံရွာ အောင်ရှင်က ပြောကြားသည်။

NLD ပါတီကို ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ နှစ်ပေါင်း ၂၀ ကျော် စစ်အစိုးရ၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး ယခု NLD ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ပါတီဝင်များ ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသည်။

eleven media group

No comments: