Thursday, September 12, 2013
9/11 အကြမ်းဖက်မှုကြီး နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ဝမ်းနည်းမိန့်ခွန်းနှင့်အတူ အမေရိကန်၏ လုံခြုံရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံသားများကိုပါ ဂုဏ်ပြုစကား ပြောကြားသွားသည်။ နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်မှုစင်တာ အမြွှာမျှော်စင်ကြီးများကို အပိုင်စီးထားသည့် ခရီးသည်တင် လေယာဉ်များဖြင့် ဝင်တိုက်ခဲ့သော ခြောက်ခြား ကြေကွဲဖွယ် ဖြစ်စဉ်ကြီး(၁၂)နှစ်တင်းတင်း ပြည့်မြောက်ခဲ့သည့် စက်တင်ဘာလ(၁၁)ရက်နေ့တွင် အိုဘားမား က ပင်တဂွန် စစ်ဌာနချုပ်၌ ဝမ်းနည်းကြေကွဲမှု မိန့်ခွန်းကို ပြောကြားခဲ့သည်။ ၎င်းက မိန့်ခွန်းအတွင်းတွင် ယမန်နှစ်က လစ်ဗျားနိုင်ငံ၊ ဘန်ဟာဇီး၌ ဖြစ်ပွားသော 9/11 နှစ်ပတ်လည်နေ့ အကြမ်းဖက် တိုက်ခိုက်မှုနှင့် စပ်လျဉ်းပြီး ထည့်သွင်းပြောဆိုသွားပြီး အမေရိကန်အပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုများ အစဉ် ရှိနေလိမ့် မည်ဟု မှတ်ချက်ပြုခဲ့သည်။
လစ်ဗျားနိုင်ငံ၊ ဘန်ဟာဇီးတွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားသော လုပ်ကြံတိုက်ခိုက်မှု တစ်ခုအတွင်း သံအရာရှိ တစ်ဦးအပါအဝင် အမေရိကန် လေးဦးသေဆုံးခဲ့သည်။ အိုဘားမားက "ကျွန်တော်တို့ဟာ ဒီလို စစ်ပွဲကာလ တွေမှာ ရှေ့ဆက်နေရတဲ့သူ အားလုံးအတွက် ဆုတောင်းပေးရပါမယ်။ အန္တရာယ်များတဲ့ နေရာဒေသတွေမှာ တာဝန်ထမ်းနေရတဲ့ သံအရာရှိတွေရောပေါ့။မနှစ်က ကျွန်တော်တို့ ဘန်ဟာဇီးမှာ ဒီလိုနေ့ရက်မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို သိမြင်ခဲ့ပါပြီ။ နောက်ပြီးတော့ ထောက်လှမ်းရေးပရော်ဖက်ရှင်နယ်တွေပေါ့။ ကျွန်တော် တို့ မသိနိုင်တဲ့၊ ကျွန်တော်တို့ မမြင်တွေ့နိုင်တဲ့ အခြေအနေ အသွယ်သွယ်ကနေ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ နိုင်ငံကို အကာအကွယ် ပေးနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက "9/11 ဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများက အမေရိကန်ကို ပြန်လည် ထူထောင်ရာ တွင် အင်အားအပြည့် ပါဝင်ခဲ့ခြင်းကိုလည်း ချီးကျူးခဲ့သည်။ "အဲဒီတုန်းက အသက်ရှင် ကျန်ရစ်သူတွေ၊ မိသားစုတွေရဲ့ သတ္တိမျိုး ကျွန်တော်တို့ ပိုင်ဆိုင်လိုက်ကြပါစို့။ ဒီနေ့အချိန်ထိ ဒီသတ္တိကို မွေးမြူထားဖို့ လိုပါတယ်။
ညတွေဘယ်လောက်မှောင်မှောင်၊ နေ့တွေ ဘယ်လောက် ကြမ်းကြမ်း ကျွန်တော်တို့ ရှေ့ဆက်ဖို့ လိုပါတယ်" ဟုလည်း သမ္မတက ဆိုသည်။ အိုဘားမားသည် ဆီးရီးယားအရေးနှင့်စပ်လျဉ်းသည့်အထင်ကရမိန့်ခွန်းတစ်ခု ကို ပြောကြားပြီး နောက်တစ်နေ့တွင် 9/11 အကြမ်းဖက်မှု နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
Planet Myanmar Network

No comments:
Post a Comment