Thursday, September 19, 2013

စကြာဝဠာ တစ်ဖက်ခြားအရပ်မှ အပြာရောင် အလင်းစက်လေး


Thursday, September 19, 2013
၁၉၇၇ခုနှစ်ကကမ္ဘာမြေပေါ်မှနှုတ်ဆက်ထွက်ခွာသွားသည်။ထို့နောက်လုံးဝလည်ပြန်လှည့်မကြည့်တော့။ယခုအခါတွင်မူ၎င်းသည်လူသားတို့နှင့်စကြာဝဠာချင်းခြားနားသည့်ခရီးကိုနှင်နေပြီဖြစ်သည်။Voyager1သည်လက်ရှိအချိန်တွင်အပြာရောင်အစက်အပြောက်လေးတစ်ခုထက်ပိုမတွေ့ရတော့အောင်ဝေးကွာခဲ့ပြီဖြစ်သည်။"ပြောရရင်အနက်ရောင်ပင်လယ်ထဲကအပြာရောင်အလင်းစက်လေးလိုပဲ"ဟုNASAမှနက္ခတ်ဗေဒပညာရှင်ဆူဇန်နီဒေါ့ကပြောကြားခဲ့သည်။ဆူဇန်နီသည်Voyager1လွှတ်တင်မှုစီမံကိန်း၏ပရောဂျက်မန်နေဂျာလည်းဖြစ်သည်။

လူလိုက်ပါခြင်းမရှိသည့်အာကာသယာဉ်ကို၁၉၇၇ခုနှစ်တွင်လွှင်တင်ခဲ့သည်။အာကာသတွင်းဘက်စုံလေ့လာမှုများပြုလုပ်ရန်ရည်ရွယ်ခဲ့သည့်Voyager 1သည် ယခုအခါ နေစကြာဝဠာ အပြင်ဘက်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။အာကာသယာဉ်တစ်စင်းအနေဖြင့် နေအဖွဲ့ အစည်းကို ဖောက်ထွက်ကာ အခြားစကြာဝဠာတိုက် တစ်ခုအတွင်းသို့ ကူးပြောင်းသွားမှုသည် ယခုအကြိမ် ပထမဆုံး ဖြစ်သည်။ NASAသည် အပြာရောင် အလင်းစက်လေးအဖြစ်Voyager1ကို အမှန် တကယ် တွေ့မြင်ရခြင်း မဟုတ်ဘဲ ယင်းထံမှ ထုတ်လွှင့်သော ရေဒီယိုလှိုင်း များကိုသာ ပုံဖော် ထောက်လှမ်းနေခြင်း ဖြစ်သည်။ အမှန်တကယ်အားဖြင့် မိုင်ပေါင်း (၁၂)ဘီလျံ နီးပါးမျှ ခရီးပေါက်ခဲ့ပြီးဖြစ်သည့် Voyager 1ကို မည်သူမျှ ပြန်လည်တွေ့မြင်ခွင့် ရတော့မည် မဟုတ်ချေ။ ရေဒီယိုလှိုင်းများကို ဖမ်းယူသည့် အားကောင်းလှသော လှိုင်းဖမ်းမှန်ပြောင်းများဖြင့်သာ Voyager 1ကို ထောက်လှမ်းနေခြင်း ဖြစ်သည်။

Voyager 1သည်(၂၀၁၂)ခုနှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့က နေစကြာဝဠာ နယ်နိမိတ်စည်းကို စတင်ကျော် လွန်ခဲ့သည်။"အပြာရောင်အလင်းစက်လေးဟာVoyager1ဆီကပေးပို့လိုက်တဲ့ရေဒီယိုအချက်ပြမှုလေးသာဖြစ်ပါတယ်။ ဒီလောက်လေး ပုံရိပ်ဖော် ဖမ်းယူနိုင်ဖို့အတွက် ကမ္ဘာပေါ်က အကောင်းဆုံး မြေပြင်အခြေစိုက် နက္ခတ်တာရာကြည့် မှန်ပြောင်းကို အသုံးပြုရပါတယ်"ဟု ဆူဇန်နီက ရှင်းပြခဲ့သည်။ သုတေသီများသည် နေအဖွဲ့အစည်း ပြင်ပအလွှာ၏ သိပ်သည်းမှု၊ ဓာတ်ငွေ့ဖွဲ့စည်းမှုနှင့် လှိုင်းတည်ရှိမှု အခြေအနေများကို စိတ်ဝင်တစား လေ့လာလျှက်ရှိသည်။ NASAသည် ခရီးအလွန် ကွာဝေးသွားပြီဖြစ်သည့် Voyager 1ကို အမြဲတစေ ခြေရာခံ ရှာဖွေနေသော်လည်း အများအားဖြင့် ပျောက်ဆုံးလျှက်ရှိသည်။

 "နေအဖွဲ့အစည်း အပြင်ဘက် ရောက်သွားကတည်းက ရေဒီယိုလှိုင်းတွေ ပို့လွှတ်တဲ့ အကြိမ်ကို နှစ်ခါပဲ ဖမ်းယူနိုင်တော့တယ်။ပထမတစ်ကြိမ်က၂၀၁၂ခုနှစ်၊အောက်တိုဘာလကနေနိုဝင်ဘာလထိပါ။နောက်တစ်ကြိမ်က၂၀၁၃ခုနှစ်၊ဧပြီလကနေမေလထိဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကလှိုင်းတွေရဲ့တုန်ခါမြည်ဟည်းသံဟာ ဒုတိယအကြိမ်မှာ ပိုကျယ်လာတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ Voyager 1ဟာ တဖြည်းဖြည်း သိပ်သည်းမှု များလာတဲ့ နေရာကို တိုးဝင်နေတယ်ဆိုတဲ့ သဘောပါပဲ"ဟု ဆူဇန်နီက ပြောကြားခဲ့သည်။လက်ရှိတွင်မူခရီးကွာဝေးလှသဖြင့်Voyager1မှထုတ်လွှတ်လိုက်သောရေဒီယိုလှိုင်းများကို ဖမ်းယူရန် (၁၇)နာရီထိ အချိန်ယူနေရကြောင်းလည်း သိရသည်။

 ကမ္ဘာမြေမှ စတင်ထွက်ခွာသွားပြီး (၃၆)နှစ် အကြာတွင် ပလူတိုနီယမ် စွမ်းအင်ဖြင့် မောင်းနှင်သော ယာဉ်ငယ် သည် နေမှ ခရီးမိုင် (၁၁.၅)ဘီလျံမျှ ကွာဝေးသော နေရာတွင် ရှိနေပြီ ဖြစ် သည်။ Voyager 1သည် နဂါးငွေ့တန်းအတွင်းရှိ ကြယ်တစ်လုံးနှင့် တစ်လုံးကြား ခြားနားမှုများအတွက် ပိုမိုကျယ်ပြန့်သော တွေ့ရှိမှုများ ဖော် ထုတ်ပေးနိုင်ရန် NASAက မျှော်လင့်လျှက်ရှိသည်။

 Planet Myanmar Network

No comments: