Monday, September 9, 2013
အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ၏အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲတွင်ဆရီနာဝီလျံအနေဖြင့်ဗစ်တိုးရီးယအဇာရန်ကာကိုအကြိတ်အနယ်ယှဉ်ပြိုင်ပြီးဗိုလ်စွဲအနိုင်ရသွားသည်။လက်ရှိကမ္ဘာ့အဆင့်(၁တင်းနစ်မယ်အဖြစ် ရပ်တည်နေသောအမေရိကန်သူသည်အဇာရန်ကာကို(၇-၅)၊(၆-၇)၊(၆-၁)ဖြင့်(၃)ပွဲကစားပြီးမှအနိုင်ရခဲ့ခြင်း ဖြစ်သည်။
အဇာရန်ကာသည် ဆရီနာကို ရှေ့ဆုံး Setနှစ်ခုတွင် အပြိုင်အဆိုင် ယှဉ်ကစားနိုင်ခဲ့သော်လည်း တတိယ အဆုံးအဖြတ် Setတွင်မူ ကစားအား သိသိသာသာ ကျသွားပြီး အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။ (၂)နာရီနှင့်(၄၅မိနစ်ကြာမြင့်သောပွဲစဉ်အပြီးတွင်ဆရီနာသည်သူမ၏ကစားသမားဘဝသက်တမ်းတစ်လျှောက် (၁၇)ခုမြောက်ဂရင်းဆလင်းဆုဖလားကို အာသာအက်ရှ် တင်းနစ်ကွင်းကြီး၏ ပရိသတ်များ ရှေ့မှောက်တွင် ကိုင်မြှောက်ခွင့်ရလာခဲ့သည်။
ဆရီနာသည် ဒုတိယSetတွင် ချန်ပီယံဆုအတွက် အသာစီး ရစေမည့် ဆာဗင်ပေးခွင့် (၂)ကြိမ်ထိ ရရှိခဲ့သော်လည်း အဇာရန်ကာက အနိုင်ရခဲ့သည်။ သို့သော်လည်း (၅-၁)ဖြင့် ဦးဆောင်နေသည့် နောက်ဆုံး
Setတွင်မူ ဝီလျံက အမှားမခံတော့ဘဲ အနိုင်ရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့သည်။ ဆရီနာသည် သူမ၏ သက်တမ်းတစ်လျှောက် အမေရိကန်အိုးပင်း ချန်ပီယံဆုကို (၅)ကြိမ်မြောက် ဆွတ်ခူးခြင်း အဖြစ်လည်း မှတ်တမ်းဝင်လာသည်။ သူမသည် အသက်(၃၁)နှစ် ရှိပြီ ဖြစ်သောကြောင့် အမေရိကန် အိုးပင်း၏ သမိုင်းတစ်လျှောက် အသက်အကြီးဆုံး အမျိုးသမီး တစ်ဦးချင်း ချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ပွဲအပြီးတွင်ဆရီနာက "အဇာရန်ကာ ကစားပုံက မယုံနိုင်လောက်အောင်ကောင်းလွန်းပါတယ်။ တကယ့်ကို ခမ်းနားတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့သလို ကျွန်မအတွက် အရမ်းထူးချွန်တဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ခွင့် ရခဲ့တာပါ။ အဇာရန်ကာနဲ့ ကစားရတာကို ဂုဏ်ယူပါတယ်"ဟု ပြောကြားခဲ့သည်။ အဇာရန်ကာသည် နယူးယော့ခ်တွင် ကစားသည့် ဗိုလ်လုပွဲ၌ ဆရီနာကို (၂)နှစ်ဆက် အရေးနိမ့်ခြင်းဖြစ်ပြီး ယင်းသည် ထိုက်တန်ကြောင်း ဝန်ခံသွားသည်။ "နာကျင်စရာ ရှုံးနိမ့်မှုပါပဲ။ ဒါပေမဲ့ ကျွန်မဟာ အကောင်းဆုံး ပြိုင်ဘက်ကို ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရတာပါ။ ဆရီနာဟာ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ သူ့အရည်အသွေးတွေက အံ့မခန်းပါပဲ"ဟု အဇာရန်ကာက ချန်ပီယံဆုရှင်အပေါ် ချီးကျူးသွားသည်။
Planet Myanmar Network
No comments:
Post a Comment