Tuesday, 17 September 2013
တရုတ်၏ ပဒေသရာဇ်နိုင်ငံရေးနယ်ပယ်တွင် ဩဇာကြီးမားသော ရာထူးတစ်ခုအဖြစ် နန်းရင်းဝန်နေရာတွင် တာဝန်ယူရသူများသည် အများအားဖြင့် အမျိုးသားများသာဖြစ်ခဲ့သည်။ သို့သော်လည်း အေဒီ ၆၆၄ ခုနှစ်မှ အေဒီ ၇၁၀ ပြည့်နှစ်ထိ အသက်ရှင်နေထိုင်ခဲ့သူ ရှန်ဂွမ်ဝေနာသည် ရှားရှားပါးပါး အမျိုးသမီး နန်းရင်းဝန် တစ်ဦးအဖြစ် တရုတ်ရာဇဝင်တွင် သမိုင်းဝင်ခဲ့ဖူးသည်။ သူမ၏ သင်္ချိုင်းဂူကို ရှန်ဇီးဒေသတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ခြင်းဟု သတင်းများကဖော်ပြသွားသည်။
ယခုတွေ့ရှိသော သင်္ချိုင်းဂူသည် ရှန်ဂွမ်၏ ထာဝရ အနားယူရာနေရာဖြစ်ကြောင်း ယခုသီတင်းပတ်တွင် မနုဿဗေဒ ပညာရှင်များက အတည်ပြုခဲ့သည်။ ရှန်ဂွမ်သည် တရုတ်၏ မင်းဆက်များအနက် အလွန်ထင် ရှားသည့် ဧကရီဘုရင်မ ဝူဇင်တြန်လက်ထက်တွင် အမှုတော်ထမ်းခဲ့သူဖြစ်သည်။
ဝူသည် တရုတ်သမိုင်းတွင်ပထမဆုံး ဘုရင်မလည်းဖြစ်သည်။ ယခုတွေ့ရှိသော ရှန်ဂွမ်၏ သင်္ချိုင်းနေရာသည် ဆိုးဆိုးရွားရွား ပျက်စီးနေပြီဟုလည်း သိရသည်။ Xinhua သတင်းဌာနက ပညာရှင်များအနေဖြင့် အဆိုပါ အတည်ပြုချက်သည် သမိုင်းဝင်ခြေလှမ်းတစ်ရပ်အဖြစ် ယူဆကာ ကျေနပ်နေကြောင်း ဖော်ပြခဲ့သည်။
“သင်္ချိုင်းဂူအမိုးက လုံးဝ ပြိုကျသွားပြီ။ နံရံလေးဘက်က တော်တော်ကြီးပျက်စီးနေတယ်။ ကြမ်းပြင်က ကျောက်ပြားချပ်တွေကလည်း ဖရိုဖရဲဖြစ်နေတယ်” ဟု ရှန်ဇီးမှမနုဿဗေဒပညာရှင်တစ်ဦးဖြစ်သူ ဂျန်ကွင် ဂန်ကဆိုသည်။
ယင်းအပျက်အစီးများကြောင့်လည်း သင်္ချိုင်းဂူအတွက် အတည်ပြုချက်ယူရန် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။ ရှန်ဂွမ်သည် တန်မင်းဆက်၏ နာမည်ကျော် ဧကရီဘုရင်မကြီးဝူ အားအထားရဆုံး၊အယုံကြည်ရဆုံးသူတစ်ဦး လည်းဖြစ်ခဲ့သည်။ သူမသည် ဧကရီဝူသေဆုံးပြီး ၅ နှစ်အကြာ အေဒီ ၇၁၀ ပြည့်နှစ်နန်းတွင်းအာဏာသိမ်းမှု တစ်ခုတွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment