Monday, September 02, 2013

လွှတ်တော်ကိုယ်စားလှယ် အချို့၏ အရည်အသွေးကို ဆန်းစစ်ရန် လိုအပ်လာ


Monday, September 2, 2013


လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကျော် ကာလသို့ ရောက်ရှိလာချိန်တွင် လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြုလုပ်နေသော လွှတ်တော်ကိုယ်စားလှယ် အချို့၏ အရည်အသွေးကို ဆန်းစစ်ရန် လိုအပ်လာကြောင်း သုံးသပ်မှုများ ရှိနေသည်ဟု သိရပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း လွှတ်တော်တွင်း အိပ်ငိုက်နေသော ကိုယ်စားလှယ်အချို့၏ ဓာတ်ပုံများနှင့် လွှတ်တော်တွင်း ပုတီးစိပ်နေသည့် ကိုယ်စားလှယ်တစ်ဦး၏ ဓာတ်ပုံတို့ ထပ်မံထွက် ပေါ်လာခဲ့ပြီး ဝေဖန်မှုများ ရှိနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ် အချို့၏ မေးခွန်းမေးမြန်း ဆွေးနွေးမှုများကလည်း လွှတ်တော်ကိုယ် စားလှယ်များ၏ အရည်အသွေးအပေါ် မေးခွန်းထုတ်ရန် ဖြစ်လာကြောင်း သိရှိရသည်။


လတ်တလောအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်များဖြစ်သော ဦးလှဆွေ နှင့် ဦးစောထွန်းမြအောင်တို့၏ပြောစကားများမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ဦးလှဆွေသည်
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၌ တင်သွင်းမှုကို ကန့်ကွက်ခဲ့ပြီး ထိုကိစ္စနှင့် စပ်လျဉ်း၍ ၎င်းပြောဆိုခဲ့သည့် စကားရပ် များက အများပြည်သူအကြား ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့အပြင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း က ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သော တိုက်တွန်းချက်တစ်ရပ်ကို အမျိုးသားလွှတ်တော်သို့တင်သွင်း စဉ် အချိန်ကလည်း ဦးလှဆွေသည် KIO(ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)ကို "ရွှေလက်နဲ့ခေါ် တုန်းလာပါ၊ Bullet နဲ့ခေါ်တာ မလိုချင်ပါနဲ့" ဟု ပြောဆိုခဲ့ဖူးသည်။ ထိုစဉ်ကလည်း ဦးလှဆွေ၏ ပြောဆိုချက် အပေါ်ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး ဦးလှဆွေကို "ဘူးလက်လှဆွေ" ဟု သုံးနှုန်းခေါ်ဆိုခဲ့ကြသည်အထိ ဖြစ်ခဲ့ပါသည်။


ဦးစောထွန်းမြအောင်သည် အမျိုးသားလွှတ်တော်၌ သတင်းမီဒီယာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့စဉ် အချိန်က "မီဒီယာဆိုသည်မှာ ၀ါဒဖြန့်ချိခြင်းပင် ဖြစ်ပါကြောင်း" ပြောဆိုဆွေးနွေးခဲ့သဖြင့် မီဒီယာ၏ မူလအဓိပ္ပာယ် ဖွင့်ဆိုချက်ကို မသိရှိဘဲ သတင်းမီဒီယာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့သူဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ ပါသည်။

ထိုကိစ္စရပ်များမှာ လတ်တလော ဝေဖန်ခံနေရသည့်ကိစ္စရပ်များဖြစ်နေပြီး လွှတ်တော်တွင်း၌ပင် လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း လှောင်ပြောင်ရသည်အထိ ဖြစ်ခဲ့ရသော ဆွေးနွေးမှုများလည်း ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားခဲ့ပါသည်။လွှတ်တော်အမတ်တွေပိုပြီးအရည်အချင်းပြည့်ဖို့ လိုအပ်လာတယ်။ အထူးသဖြင့်တော့ အိမ်စာတွေ ပိုလုပ်ဖို့ပါပဲ။ ဘယ်ပါတီ၊ ဘယ်ပါတီဝင်လို့ ပြောရတာ ပုဂ္ဂိုလ်ရေး ဆန်ပါတယ်။ အဓိကအချက်က ကိုယ်ဆွေးနွေးမယ့် အချက်တွေကို ထဲထဲဝင်ဝင် လေ့လာပြီး ကောင်းသထက်ကောင်းအောင် ပြင်ဆင်သုံးသပ်ပြီး ဘက်စုံလုပ်စေချင်တယ်။ လွှတ်တော်အမတ်တွေဆိုတာ အစိုးရ အကြီးအကဲ ဖြစ်လာနိုင်တဲ့သူတွေချည်းပဲ . . . . .

"လွှတ်တော်အမတ်တွေရဲ့ ၈၀၊ ၈၅ ရာခိုင်နှုန်းလောက်က လွှတ်တော်ရေးရာ ဆောင်ရွက်မှုတွေအပေါ် အနှစ် သာရမဲ့တဲ့ ပုံစံကို ပေါ်လွင်အောင် လုပ်ဆောင်နေသလို ဖြစ်နေတယ်" ဟု လသာမြို့နယ် မဲဆန္ဒနယ်မှ ပြည်
သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားပါသည်။

လွှတ်တော်တွင်း၌ အရည်အသွေးပြည့်ဝသော ကိုယ်စားလှယ်များ ရှိနေသည့်နည်းတူ အမေးနှင့်အဖြေ ကိုက်ညီမှုမရှိသော ဆွေးနွေးမှုများ၊ သက်ဆိုင်ရာ ဆွေးနွေးမှုနှင့် ကိုက်ညီခြင်းမရှိဘဲ "ပါးစပ်အငှားလိုက် သည်" ဟု ထင်ယောင်ထင်မှား ဖြစ်စေသည့် ဆွေးနွေးမှုများ၊ မဲဆန္ဒရှင် ပြည်သူအားလုံးကို ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်ရေးဆန်သော စကားများကို မေးခွန်းမေးမြန်းရာတွင် (ဥပမာအားဖြင့် မိမိတို့၏ ဆွေးနွေးမှုများကို တူ၊ တူမများက ရုပ်မြင်သံကြားမှ စောင့်ကြည့်နေကြောင်း)  ထည့်သွင်းပြောဆိုမှုများ၊ မေးခွန်းများကို အတိုချုပ် မေးရန်(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်တိုင် အကြောင်းကြားစာပေးပို့ သတိပေးခဲ့ရတိုက်တွန်း မှုများ ရှိခဲ့သည့် တိုင်ရှည်လျားသော မေးခွန်းများကို မေးမြန်းခြင်းများ၊ ပုဂ္ဂိုလ်ရေးထင်ပေါ်ကျော်ကြားလို သဖြင့် သက်ဆိုင်မှုမရှိသော ကဏ္ဍတိုင်း၌ ရှည်လျားစွာဖြင့် ၀င်ရောက်ဆွေးနွေးကြသူများ၊ အစိုးရနှင့် လွှတ်တော်ဥက္ကဋ္ဌများ၏ ငြိုငြင်မှုကို ခံရမည်စိုးသဖြင့် ရေလိုက်ငါးလိုက် နေကြသူများ အစရှိသဖြင့် ပုံစံ အမျိုးမျိုးဖြင့်လည်းရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်က ပြောကြားသည်။

ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ်များအနက် အများစုသည် လွှတ်တော်ရပ်နားချိန်တွင် မိမိတို့ရွေးချယ် တင်မြှောက်သည့် မဲဆန္ဒနယ်များသို့ သွားရောက်ပြီး မဲဆန္ဒရှင်များ၏ သဘောထားကို ရယူခြင်း၊ လိုလားချက်
များကို တောင်းခံခြင်း၊ ဒေသဖွံ့ဖြိုးရေးများအတွက် လုပ်ဆောင်ခြင်းများ ပြုလုပ်လေ့မရှိဘဲ မိမိရွေးကောက်ခံ ရသည့် မဲဆန္ဒနယ်မှ မဟုတ်ဘဲ မိမိနေထိုင်ရာ အနီးတစ်ဝိုက်မှ ရရှိသော အချက်အလက်များကိုသာ မေးခွန်း
အဖြစ် မေးမြန်းမှုများလည်း ရှိနေသဖြင့် လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းပင် ဝေဖန်ရသည့် အခြေ အနေများလည်း ရှိနေကြောင်း သိရပါသည်။

ထို့သို့ ရှိနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်ရပ်နားချိန်တွင် မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်များသို့သွားရောက်ကြရန် ပြည်ထောင်စုလွှတ်တော် နာယကကိုယ်တိုင် တိုက်တွန်း မှုများ မကြာခဏ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"လွှတ်တော်အမတ်တွေ ပိုပြီးအရည်အချင်းပြည့်ဖို့ လိုအပ်လာတယ်။ အထူးသဖြင့်တော့ အိမ်စာတွေ ပိုလုပ် ဖို့ပါပဲ။ ဘယ်ပါတီ၊ ဘယ်ပါတီဝင်လို့ ပြောရတာ ပုဂ္ဂိုလ်ရေး ဆန်ပါတယ်။ အဓိကအချက်က ကိုယ်ဆွေးနွေး မယ့် အချက်တွေကို ထဲထဲဝင်ဝင် လေ့လာပြီး ကောင်းသထက်ကောင်းအောင် ပြင်ဆင်သုံးသပ်ပြီး ဘက်စုံ လုပ်စေချင်တယ်။ လွှတ်တော်အမတ်တွေဆိုတာ အစိုးရ အကြီးအကဲ ဖြစ်လာနိုင်တဲ့သူတွေချည်းပဲ။ ဘယ်လို တာဝန်ပေးပေး ကိုယ့်ဘက်က တာဝန်ယူနိုင်ဖို့အတွက် အရည်အချင်းပြည့်ဖို့ လိုတယ်" ဟု မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ နိုင်ငံခြား ဆက်ဆံရေးမှူး ဦးအောင်လှထွန်းက ပြောကြားပါသည်။

ထိုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် အချို့၏ အရည်အသွေးကို ဆန်းစစ်ရန်အတွက် မေးခွန်းထုတ်မှုများ ရှိလာချိန်တွင် ထိုပြဿနာ၏ အဓိက ရင်းမြစ်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးကောက်ခံခဲ့ကြသူများ၏ အခြေအနေနှင့် သက်ဆိုင်မှုရှိနေကြောင်း ထောက်ပြမှုများ ရှိပါသည်။

"သူတို့ ဘယ်နေရာက လာခဲ့ကြတာလဲ၊ ဘယ်လိုရွေးကောက်ပွဲကနေ နိုင်လာတာလဲ၊ ဒါကိုကြည့်တာနဲ့ သူတို့ဘယ်လို ရပ်တည်သလဲဆိုတာ သိနေတာပဲ။ သူတို့လာခဲ့တဲ့ နေရာက အတွေးအခေါ်တွေ အတိုင်းပဲ ဆက်လုပ်ကိုင်နေတာပဲ" ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။

"၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ အများကြီး ရှိခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူလူထု က ရွေးကောက်ပွဲကို စိတ်ပါလက်ပါနဲ့ ပါဝင်ဆင်နွဲခဲ့ကြသလား။ ၂၀၁၀ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့ကြ တဲ့ သူတွေက ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲပြိုင်ပြိုင် နိုင်မယ်ဆိုတဲ့ အခြေအနေမျိုးဆိုတော့ အရည်းအချင်းနဲ့ ပတ်သက်ပြီးထည့်သွင်းစဉ်းစားခဲ့ခြင်းအားနည်းခဲ့တယ်လို့ မြင်တယ်"ဟု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ဆိုသည်။

"လွှတ်တော်မှာ ညံ့ဖျင်းမှုတွေ ရှိတယ်ဆိုရင် အဲဒါတွေရဲ့ အဓိကတရားခံက ၂၀၁၀ ရွေးကောက်ပွဲကြောင့်လို့ ပြောရမယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ခေါ်ယူတဲ့ပုံစံက ရိုးသားမှု မရှိခဲ့ဘူး။ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်ခဲ့တာတွေ ရှိတယ်" ဟု ဦးကြည်မြင့်က ပြောကြားသည်။

"အခုဟာက ကြံ့ခိုင်ရေးက အမတ်တွေက ပိုများနေတော့ပြောရခက်တယ်။ကျွန်တော်ဆိုလိုတာကသူတို့ ကြိုက် တဲ့သူတွေကို ရွေးခဲ့တာဆိုတော့ သူတို့မှာ တာဝန်ရှိတာပေါ့။ သူတို့ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်
စားလှယ်ဟာ အရည်အချင်း မပြည့်မီရင် သူတို့ရဲ့ ပါတီမှာ တာဝန်ရှိတာပေါ့။ ဒါကြောင့်နောက်ရွေးကောက် ပွဲမှာ ဒီထက်အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သူတို့ရွေးချယ်ရမှာပေါ့။ ဘယ်ပါတီ ပဲဖြစ်ဖြစ် ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ တာဝန်ရှိပါတယ်။ လက်ရှိက ကြံ့ခိုင်ရေးပါတီက အများဆုံး ဖြစ်နေတာ၊ စွမ်းဆောင်ရည် နိမ့်ကျတယ်ဆိုတာ ကြံ့ခိုင်ရေးပါတီမှာ အများဆုံး တာဝန်ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို စွမ်းဆောင်ရည်မြင့်အောင် လုပ်ပေးရမယ့် တာဝန် အစိုးရမှာရော နိုင်ငံရေးပါတီတွေမှာရော လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် တာဝန်ရှိ ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအရ ဖြစ်လာခဲ့သော လွှတ်တော်ကိုယ်စားလှယ် အချိုးမညီမျှမှုကို ဖြေတွေး သည့်အနေဖြင့် "ကြက်ဆူများ မင်းမူနေသည်" ဟု လွှတ်တော်ကိုယ်စားလှယ်များအကြား အပျော်အပြက် ပြောဆိုမှုများရှိခဲ့သည့်တိုင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအရ အတိုက်အခံပါတီဝင်များလွှတ်တော် တွင်းသို့ ရောက်လာသော်လည်း လွှတ်တော်များ၏ အသက်ဝင်မှုမှာ သိသာသောပြောင်းလဲမှုများ မရှိခဲ့ ကြောင်း ပြောဆိုမှုများ ရှိခဲ့ပါသည်။

"လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေဖန်တာတွေ ရှိလာတော့ စိတ်ထဲမကောင်းဘူး။ ကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ဘူး။ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေ အဓိကထား စဉ်းစားပြီး လုပ်ရမှာက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဆွေးနွေးရမှာ။ အဲဒါ ပြေလည်တယ်ဆိုရင် နိုင်ငံမှာဖြစ် နေတဲ့ ပြဿနာတွေရဲ့ ၅၀ ရာခိုင်နှုန်းက ဖြေရှင်းပြီး ဖြစ်သွားလိမ့်မယ်။ နောက်တစ်ခုက NLD ရဲ့ ရပ်တည် မှုပဲ။ သူတို့အနေနဲ့ လွှတ်တော်ထဲမှာ ပြတ်ပြတ်သားသား လုပ်သင့်ပြီ။ သမ္မတနဲ့ အစိုးရဘက်ကို တူအောင်ညှိ မနေဘဲ မှားတာတွေ ရှိနေတယ်ဆိုရင် ဘယ်ဟာတွေက မှားနေတယ်ဆိုတာကို ပြတ်ပြတ်သားသား
ထောက်ပြဖို့ လိုအပ်နေပြီ။ ပြည်သူတွေကို ညာချသလို ပုံစံမျိုးနဲ့ မနေသင့်တော့ဘူး။ အခုချိန်မှာ ကျွန်တော်
တို့ အတိုက်အခံတွေ လွှတ်တော်ထဲရောက်ခါမှ မျှော်လင့်ချက်မဲ့ ဖြစ်သွားပြီလို့ ပြည်သူတွေက ပြောနေ ကြတယ်" ဟု ဦးကြည်မြင့်က ဆိုသည်။

အခြား တစ်ဖက်တွင်လည်း ပါလီမန် ဒီမိုကရေစီခေတ်မှ လွှတ်တော်အမတ်များနှင့် ယနေ့ခေတ် လွှတ်တော် အမတ်များ၏ အရည်အချင်း ကွာဟမှုမှာ နိုင်ငံရေးသမား အစစ်ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် သက်ဆိုင်မှု
ရှိကြောင်း သုံးသပ်မှုများ ရှိနေခဲ့သည်။

"နိုင်ငံရေးကို Common Sense နဲ့ လုပ်လို့မရဘူး။ အခု နိုင်ငံရေး လုပ်နေတဲ့ လူတော်တော်များများက နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှု မရှိကြဘူး။ စစ်တပ်က လူတွေကလည်း သူတို့က အမိန့်အတိုင်းပဲ၊ အထက်က ပြောခိုင်းရင် ပြောခိုင်းတဲ့ အတိုင်းပဲ လိုက်ပြောတတ်တယ်။ အမတ်တွေပေါက်ကရပြောနေ တာကို ကြားနေရတာ များပြီ။ ဟိုလယ်ဆည်ဝန်ကြီး ဦးမြင့်အောင် လယ်သမားတွေကို ပြောတာဆိုရင်လည်း သူ့မှာလယ်သမားတွေနဲ့ ပတ်သက်တဲ့ အသိမရှိဘူးဆိုတာ တွေ့ရတယ်။ နောက်ထပ်နှစ် ၂၀ လောက်ကြာမှ တကယ့်နိုင်ငံရေးသမား စစ်စစ်တွေ ဖြစ်လာမှာပေါ့လေ။ အခုတော့ ဒီလိုပဲ ဖြစ်နေတာပေါ့။ တစ်ခုတော့ ပြောချင်တာက နိုင်ငံရေးလုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့သေချာလေ့လာ စေချင်ပါတယ်" ဟု ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ဦးလှရွှေက ပြောသည်။

ထို့အတူ မြန်မာနိုင်ငံတွင် လွှတ်တော်အမတ်များကို စောင့်ကြည့်ထိန်းကျောင်းသော လွှတ်တော်ပြင်ပ လွတ်လပ်သော ကော်မတီများ မရှိခြင်းကလည်း အားနည်းချက်တစ်ခု ဖြစ်နေကြောင်း ထောက်ပြမှုများ ရှိနေသည်။

"လက်ရှိအချိန်မှာ လွှတ်တော်အမတ်တွေရဲ့ အရည်အချင်း၊ စွမ်းဆောင်ရည်တွေကို စဉ်ဆက်မပြတ် အကဲ ဖြတ်ဖို့အတွက် လွှတ်တော်ပြင်ပ စောင့်ကြည့်ရေးအဖွဲ့ လိုအပ်နေတယ်။ အဲဒီအဖွဲ့က လွှတ်တော်အမတ် တွေကိုစောင့်ကြည့်ပြီး မှားတာတွေကို ထောက်ပြတာ။ တရားဥပဒေနဲ့ ငြိစွန်းရင် တရားရုံးကို ဦးတိုက် လျှောက်ထားတာတွေ လုပ်တယ်။ ဒီမှာတော့ မီဒီယာတွေကပဲ စောင့်ကြည့်ပြီး ပြောနေတာ ရှိတယ်။ လွှတ်တော်ပြင်ပစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ပြီးမှပဲ အဲဒီအဖွဲ့က ချို့ယွင်းချက်တွေကို စနစ်တကျ ထောက်ပြပြီး check and balance လုပ်ဖို့လိုအပ်တယ်"ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူဒေါက်တာရန်မျိုးသိမ်း က ပြောကြားခဲ့သည်။

eleven media group

No comments: