Monday, October 21, 2013

သူရိယအလင်း ဂျာနယ်တိုက် အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲကို ထုတ်ဝေသူနှင့် အယ်ဒီတာများက ကန့်ကွက်


Monday, October 21, 2013

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ ဦးခန့် ဝင်ရောက်ပြီး ရုံးခန်း တွင်းရှိ ကွန်ပျူတာ System ပုံး ၁၄လုံးနှင့် CCTV တစ်လုံးကို ဖြုတ်ယူသွားကြောင်း ယင်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုများကို ယင်းတိုက်၏ ထုတ်ဝေသူနှင့် အယ်ဒီတာများက ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကို နိုင်ငံပိုင် သတင်းစာ များတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖော်ပြသွားမည် ဖြစ်ကြောင်း သူရိယအလင်းဂျာနယ် ထုတ်ဝေသူ ဦးယုနိုင်က ပြောကြားသည်။“ထုတ်ဝေသူနဲ့ အယ်ဒီတာအဖွဲ့တွေ တားမြစ်တဲ့ ကြားထဲကမှ ပုဂ္ဂိုလ် ရေးထိခိုက်တဲ့ ဆောင်းပါးတွေ ပါသွားတဲ့အတွက် တောင်းပန်တာရယ်၊ ဒီဂျာနယ်ကိုလည်း အပြီးရပ်ဆိုင်းပြီ ဆိုတာကိုအများပြည်သူသိအောင်ကြေညာတဲ့ သဘောပါပဲ”ဟု The Voice၏ မေးမြန်းချက်ကို ဖြေကြား သည်။
ပြဿနာ ဖြစ်ပွားသည့်ညက ထုတ်ဝေသူ၏ မွေးနေ့ဖြစ်သည့်အတွက် ညည့်နက်ပိုင်းမှသာ ဂျာနယ်တိုက်ကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ဂျာနယ်ကို ဆက်ထုတ်ဝေရန် ဆန္ဒမရှိသည့်အတွက် ကွန်ပျူတာ System ပုံး ၁၄ လုံးကိုသာ သိမ်းယူသွားခြင်းဖြစ်ပြီး CCTV ကို ဖြုတ်သိမ်းသွားသည်ဆိုသည်မှာမမှန်ကန်ကြောင်း၊ ဦးမိုးဟိန်း က ရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်ဟု ပြောကြားခြင်းမှာမမှန်ကန်ကြောင်း ဂျာနယ်များနှင့် ကွန်ပျု တာ System ပုံး ၁၄ လုံးကို မိမိ၏ သားဖြစ်သူနှင့် သူ၏ သူငယ်ချင်းများကသာ သယ်ဆောင်ခဲ့ကြောင်း၊ ကိုမိုးဟိန်း ပြောကြားသကဲ့သို့ ဖိုးလပြည့် လိုက်ပါလာခြင်း မရှိခဲ့ကြောင်းနှင့် ကိုသူရိန်မှာလည်း အဖော်အဖြစ် သာ အိမ်ပြန်ရင်း လိုက်ပါခဲ့ခြင်းဖြစ်သည်ဟု ဦးယုနိုင်က ရှင်းပြသည်။

ထုတ်ဝေသူ ဦးယုနိုင်၏ ကန့်ကွက် ပြောကြားမှုနှင့် ပတ်သက်ပြီး The Voice က ဦးမိုးဟိန်းထံ ဆက်သွယ် မေးမြန်းရာ “ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ။ နောက်ထပ် ဂျာနယ်ထုတ်ဖို့လည်း ရှိလို့ပါ။ ပြောနိုင်တာ တစ်ခုကတော့ အာဏာကြီးတဲ့ သူတစ်ယောက်က သူရိယအလင်း ဂျာနယ်ကို လုယူသွားပါပြီ။ ထုတ်ဝေသူကို အိတ်ထဲ ထည့်သွားတာပါပဲ” ဟု ပြန်လည် ဖြေကြားသည်။

သူရိယအလင်းဂျာနယ်ကို ထုတ်ဝေသူက ဆက်လက် ထုတ်ဝေလိုခြင်း မရှိသဖြင့် ကွန်ပျူတာ System ပုံး ၁၄ လုံးကို ညသန်းခေါင်တွင် လာရောက် သိမ်းဆည်းခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီက ဝင်ရောက် ညှိနှိုင်းမှု ရှိ မရှိကို အဖွဲ့ဝင် ဦးဇော်သက်ထွေးထံ ဆက်သွယ်မေးမြန်းရာ “ထုတ်ဝေ သူနဲ့ CEO တွေကြားထဲ ဘယ်လိုပဲဖြစ်ဖြစ် ဂျာနယ်တိုက်ကို ဒါမျိုးလုပ်တာကတော့ အရုပ်ဆိုး အကျည်း တန်စေပါတယ်။ ပုဂ္ဂိုလ်ရေးအရ ထိခိုက်တယ် ဆိုရင်လည်း တရားဥပဒေအတိုင်း ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက စာနယ်ဇင်းကောင်စီအနေနှင့်မဟုတ်ဘဲ ၎င်း၏ပုဂ္ဂလိက သဘောထားကို ပြန်လည် ဖြေကြား သည်။

သူရိယအလင်းဂျာနယ်ကို ထုတ်ဝေသည်မှာ နှစ်လခွဲခန့်ရှိပြီး ၁၂စောင်မြောက် ဂျာနယ်တွင် ဖော်ပြထား သော ‘မော်စကိုမှာ သာမယ့်လ’၊ ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ်’ ဆောင်း ပါး စသည်တို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဦးမိုးဟိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသည်။

အောက်တိုဘာ ၂၂ ရက်နေ့ ရက်စွဲထုတ် အတွဲ (၁) အမှတ် (၁၂) စစ်သူရဲ ဗလမင်းထင်၏ ‘မော်စကိုမှာ သာမယ့်လ’ ဆောင်းပါးနှင့် ထောင်သူရဲဘအုပ်၏ ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက် စေရမယ်’ဆောင်းပါးနှစ်ခုစလုံး၏ အဆုံးသတ်အပိုဒ်များတွင် “ကျုပ်နဲ့ ကျုပ် မိတ်ဆွေတွေ၊ ကျုပ်စာကို ဖော်ပြ ပေးနေတဲ့ သူရိယအလင်း ဂျာနယ်ကို ထိပါးစော်ကား၊ လုပ်ကြံလာမယ်ဆိုရင် ကျုပ်ကလည်း ခင်ဗျားတို့ ဆွေစဉ်မျိုးဆက် ခုနစ်ဆက်လုံး အဆုံးတိုင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ်၊ ခင်ဗျားတို့အားလုံး နောင်တ ကြီးစွာ ရသွားစေမယ်ဆိုတာတော့ ပြတ်ပြတ်သားသား ပြောထားလိုက်တယ်” ရေးသားထားသည်ကို တွေ့ရှိ ရပြီး သူရိယအလင်း ဂျာနယ်တိုက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဦးမိုးဟိန်းက ယင်းသဘော သက်ရောက်စေသည့်စကားလုံးများကို ပြောကြားခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူများထံမှ သိရ သည်။

The Voice Weekly

No comments: