Sunday, October 06, 2013

လျော်ကြေးကိစ္စ မပြီးမချင်း လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်း ထားရန် ဒေသခံများ တောင်းဆို




Sunday, 06 October 2013
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ပေးလျော် ရမည့် မြေယာ လျော်ကြေးကိစ္စများ မပြီးမချင်း စီမံ ကိန်းကို ရပ်ဆိုင်းထားရန် လက်ပံတောင်းတောင်အရေး တက်ကြွစွာ လှုပ်ရှားခဲ့သူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တောင်းဆိုခဲ့သည်။

အောက်တိုဘာလ ၅ ရက်နေ့ မုံရွာ တစ်ဖက်ကမ်း ညောင်ပင်ကြီးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန် ကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်မှ တာဝန်ရှိသူများ၊ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် စီမံကိန်း ဒေသ ခံအချို့ တွေ့ဆုံရာတွင် လက်ပံတောင်းတောင်အရေး တက်ကြွစွာ လှုပ်ရှားခဲ့သူများက ယင်းကဲ့သို့ ပြော ကြားခြင်း ဖြစ်သည်။

“ဒီနေ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖြစ်တာက အောက်တိုဘာ ၄ ရက်နေ့က စီမံကိန်းအနီး ကျော်ရွာနားက လယ်ယာမြေတွေမှာ ခြံစည်းရိုးတွေခတ်လို့ ဒေသခံတွေက ထွက်တားရာကနေ အောက်တိုဘာ ၅ ရက်မှာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ညောင်ပင်ကြီးမှာ တွေ့ဖြစ်တာပါ” ဟု လက်ပံတောင်းတောင်အရေး တက် ကြွစွာ လှုပ်ရှားခဲ့သူ မသွဲ့သွဲ့ဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် ဝမ်ပေါင်ကုမ္ပဏီမှ မြေညှိသည့် အပိုင်းနှင့် ခြံစည်းရိုးကာရံခြင်း အပိုင်းများကို ဆောင်ရွက် နေပြီး ခြံစည်းရိုး ကာရံရန် မြေကျင်းတူးချိန်တွင် ဒေသခံများ၏ ကန့်ကွက်ခြင်းကို ခံခဲ့ရကြောင်း ဆွေးနွေးပွဲ သို့ တက်ရောက်လာသည့် ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒေသခံတွေရဲ့ပြောတဲ့အချက်တွေ၊ တောင်းဆိုမှုတွေကို မှတ်သားထားပါတယ်။ ဒီက တောင်းဆိုတဲ့ အချက် တွေကို သက်ဆိုင်ရာကို တင်ပြပေးသွားမှာပါ” ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြေယာလျော်ကြေးကို နောက်ဆုံး ထုတ်ပေးခဲ့ပြီး ပေးလျော်ရမည့် မြေဧ ရိယာ တစ်ဝက်ကျော် ၅၁ ဒသမ ၅၈ ရာခိုင်နှုန်းဧကအားဖြင့် ဧကသုံးထောင်ကျော်ကို လျော်ကြေး ထုတ် ပေးခဲ့ပြီး ဖြစ်ကြောင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မြေယာလျော်ကြေး ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments: