Tuesday, January 21, 2014
မြေယာသိမ်းဆည်းခြင်းကို အစိုးရ၏ ဖြေရှင်းပြီးစီးမှုအခြေအနေအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရှင်းလင်းချက်သည် မှန်ကန်မှုမရှိနိုင်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့ ဝေဖန်ကြသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဇန်နဝါရီလ ၂၁ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖြေရှင်းမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံးစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်က အစိုးရ၏ အစီရင်ခံစာတွင် မည်သို့ ဖြေရှင်းကြောင်း မပါဝင်သကဲ့သို့ ကော်မရှင်က စိစစ်တွေ့ရှိခဲ့သည့် အမှုတွဲအရေအတွက်နှင့်လည်း ကွဲလွဲနေကြောင်း ထောက်ပြခဲ့သည်။
“ကော်မရှင်ရဲ့အကြံပြုချက်တွေနဲ့ အညီဆောင်ရွက်လား၊ မဆောင်ရွက်ဘူးလား ပြန်လည်စိစစ်ပါမယ်” ဟု ဦးတင်ထွဋ်က ပြောသည်။
ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်က ကော်မရှင်အဖွဲ့ဝင်များကို စိစစ်ရန် ညွှန်ကြားထားပြီးဖြစ်ရာ အဆို (သို့မဟုတ်) အစီရင်ခံစာအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်သွင်းမည်ဟု ဆိုသည်။
ဝန်ကြီးဌာန၏ ရှင်းလင်းမှုကို ထောက်ပြဆွေးနွေးလိုသည့် ကိုယ်စားလှယ် များပြားသဖြင့် ကိုယ်စားလှယ် ၁၁ဦး ဆွေးနွေးအပြီးတွင် ဆွေးနွေးမှုကို ရပ်ဆိုင်းကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့သည်။
ဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက “မှတ်တမ်းပြုစုမယ်၊ ဒီပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားဆောင်ရွက်သွားမယ်” ဟု ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment