Monday, January 20, 2014
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ရန် အတွက် ရေကြောင်း ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ် မတ်လတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Mahbub Ahmed က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကမ်းရိုးတန်း တစ်လျှောက် ရေကြောင်း ကုန်သင်္ဘောကြီးများ ပြေးဆွဲရန်အတွက် နှစ်နိုင်ငံ အစိုးရက ယခင်နှစ်ကပင် အကောင်အထည် ဖော်လိုသော်လည်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် ဆိုင်းငံ့ခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုတော့ အားလုံး ပြီးစီးနေပါပြီ။ နှစ်ဖက်အစိုးရ သဘောတူညီချက်တွေလည်း ရရှိသွားပါပြီ” ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
နှစ်နိုင်ငံ အစိုးရ၏ သဘောတူညီချက်အရ ကုန်စည်သင်္ဘောများ ကမ်းကပ်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း ဆိပ်ကမ်း၊ မွန်ဂိုလာဆိပ်ကမ်း၊ နာရာယန်ဂန် ဆိပ်ကမ်းနှင့် တခ်နဖ်ဆိပ်ကမ်းတို့ကို သတ်မှတ်ထားပြီး မြန်မာနိုင်ငံရှိ ပုသိမ်ဆိပ်ကမ်း၊ ရန်ကုန်ဆိပ်ကမ်း၊ စစ်တွေဆိပ်ကမ်းနှင့် မောင်တောဆိပ်ကမ်းတို့ကို သတ်မှတ်ထားကြောင်း ၎င်းကရှင်းပြသည်။
အထူးသဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင့်မြှင့်တင်ရန်အတွက် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၇၁ ခုနှစ်က သံတမန် ဆက်ဆံရေး စတင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိသည်။
အဆိုပါ နှစ်နိုင်ငံ အစိုးရ သဘောတူထားသော ရေကြောင်း ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း စတင်ပါက နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ကြေညာချက်များအရ သိရသည်။
ဘင်္ဂလားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမဦးအကြိမ်အဖြစ် ဒါကာ-ရန်ကုန် လေကြောင်းလိုင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက စတင်ပြေးဆွဲခဲ့သည်။
ဘင်္ဂလားဒေ့ရှ် -မြန်မာ ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မရှင်သည် နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ အစည်းအဝေး ပွဲများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေကြောင်း ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း စတင်ရန်အတွက် ၂၀၀၃ ခုနှစ်ကပင် စတင်ဆွေးနွေးခဲ့ကြပြီး ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံအစိုးရ တရားဝင် လက်မှတ် ရေးထိုးခဲ့ကြသော်လည်း ပြည်တွင်း နိုင်ငံရေး အခြေအနေများကြောင့် ဆိုင်းငံ့ခဲ့ရခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment