Monday, January 20, 2014

အ,သုံးလုံး အဖွဲ့ဝင်ဟောင်းများ ဦးစီးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်မည်


Monday, January 20, 2014

အ သုံးလုံး အဖွဲ့ဝင်ဟောင်းများ ဦးစီးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ဖွံ့ဖြိုးမှု နည်းသောဒေသများ တွင် ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ယင်း အဖွဲ့ဝင်ဟောင်းများ စုစည်းဖွဲ့စည်းထား သည့် စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအသင်း ဥက္ကဋ္ဌဦးမျိုးသန့်က ဇန်န၀ါရီ ၁၉ ရက်က ပြောသည်။

အဆိုပါအသင်းကို ဇန်န၀ါရီလ အတွင်းတွင် မှတ်ပုံတင်သွားမည် ဖြစ်သည်ဟုလည်း ဇန်န၀ါရီ ၁၉ က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဦးမျိုးသန့်က ပြောသည်။

“အသင်းအနေနဲ့ကတော့ ကျေးလက်ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအသင်း၏ လူမှုအကျိုးပြု ပထမဆုံးခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကိုင်းတိုင်း၊ မင်းကင်း မြို့နယ်တွင် ဆေးကုသပေးခြင်း၊ ကိုယ်ကျင့်တရားနှင့် အသိဉဏ်မြှင့်တင်ရေး စာပေဟောပြောပွဲများ ကျင်း ပပေးခြင်းများ အပါအ၀င် လူမှုအထောက်အကူပြု လုပ်ငန်းများလည်း ပြုလုပ်သွားမည် ဖြစ်သည်။

ခရီးစဉ်နှင့် ပတ်သက်ပြီး စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက “ခရီး စဉ်မှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ စာရေးဆရာတွေနဲ့ ကျောင်းဆရာ ဆရာမတွေ ပါမယ်။ ဟိုရောက်ရင် လူမှုအကျိုးပြုလုပ်ငန်းတွေ ရသလောက် လုပ်သွားမှာပါ” ဟု မဇိ္ဈမကို ပြောသည်။

အဆိုပါအသင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းပေါင်း စုံ(၁၉၆၄ ခုနှစ်မှ ၁၉၈၄ခုနှစ် အထိ)မှ အ,သုံးလုံး အဖွဲ့ဝင်ဟောင်းများဦးစီး၍ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အသင်းကို ၂၀၁၃ ခုနှစ် နွေရာသီမှစ၍ ပြန်လည်ဆောင်ရွက်လာသော အ,သုံးလုံး လုပ်ငန်းများတွင် စွမ်း နိုင်သမျှ ၀ိုင်းဝန်းကူညီရန်၊ စာမတတ်သူ ပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေးဟူသော ဦးတည်ချက် ဖြင့် စာတတ်သူတိုင်း စာဖတ်ဝါသနာပါရေး ဆောင်ရွက်ရန်၊ ကျေးလက်ဒေသရှိ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် အတတ်နိုင်ဆုံးပံ့ပိုးဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စာမတတ်သူပပျောက်ရေး အ,သုံးလုံး လှုပ်ရှားမှုအဖြစ် ၁၉၆၄ ခုနှစ်တွင် ရန်ကုန်ဆရာ အတတ်သင်သိပ္ပံမှ ကျောင်းသားလေးဦးပါဝင်သော အ,သုံး လုံးအဖွဲ့သည် မိတ်္ထီလာမြို့နယ်၌ စာတတ် မြောက်ရေးလှုပ်ရှားမှုအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

ထိုမှတစ်ဆင့် ဆရာအတတ်သင်သိပ္ပံ၊ ပညာရေးတက္ကသိုလ်နှင့် အခြားကျောင်းများမှ လုပ်အားပေး ကျောင်းသူကျောင်းသားများသည် မြန်မာတစ်နိုင်ငံလုံး စာတတ်မြောက်ရေးလှုပ်ရှားမှုကို ၁၉၈၄ ခုနှစ် အထိ ဆောင်ရွက်ခဲ့ကြသည်။

၁၉၈၄ ခုနှစ် နောက်ပိုင်းတွင် ယင်းလုပ်ငန်းများဆောင်ရွက်ခြင်းမရှိတော့ဘဲ ၂၀၁၃ ခုနှစ်တွင်မှ မြန်မာနိုင်ငံ ပညာရေး သုတေသန ဦးစီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန က ဦးစီးပြီး အ,သုံးလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုများကို ပြန်လည် ဆောင်ရွက်နေသည်။

Mizzima - News in Burmese

No comments: