Friday, January 24, 2014
အယ်လ်ကိုင်ဒါ ကလာပ်စည်းအဖွဲ့ တစ်ဖွဲ့၏အဖွဲ့ဝင်များဟု သံသယရှိသူသုံးဦးကို အစ္စရေးကာကွယ်ရေး ဌာန၏ လက်အောက်ရှိ Shin Bet လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဇန်န၀ါရီ ၂၃ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့သုံးဦးမှာ အမေရိကန်သံရုံး အပါအ၀င် နေရာအချို့အား တိုက်ခိုက်ရန် စီစဉ်နေသူများဖြစ်သည်ဟု လည်း ၀န်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
၎င်းတို့အား ဂါဇာကမ်းမြောင်ဒေသတွင် အယ်လ်ကိုင်ဒါအရာရှိတစ်ဦးမှ စုဆောင်းခဲ့ခြင်းဖြစ်ပြီး ဦးတည် တိုက်ခိုက်ရန် စီစဉ်ထားသည့် အခြားနေရာများတွင် ဂျေရုဆလင်ရှိ ခန်းမတစ်ခုလည်း ပါဝင်သည်ဟုShin Bet က ဆိုသည်။ သို့သော် Shin Bet ၏ ပြောကြားချက်များကို ဂါဇာကမ်းမြောင်အတွင်း လှုပ်ရှားနေ သည့် ဟားမက်စ်အဖွဲ့မှ ငြင်းဆိုထားသည်။
ဟားမက်စ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆာမိအက်ဘူကျူရီက Shin Bet ၏ ပြောကြားချက်မှာ “အခြေ အမြစ်မရှိသော လုပ်ကြံဖန်တီးမှုများ” သာဖြစ်ပြီး ဂါဇာဒေသ၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်း မှာ မှန်ကန်သော လုပ်ရပ်ဖြစ်သည်ကို သက်သေပြရန် ကြိုးပမ်းမှုသာဖြစ်သည်ဟု ပြောကြားလိုက်သည်။
ဖမ်းဆီးရမိသူသုံးဦးအနက် တစ်ဦးမှာ ဆီးရီးယား၌ လက်နက်သင်တန်း တက်ရောက်ရန် စီစဉ်နေသည် ဟုလည်း Shin Bet မှ ဆိုသည်။ ထို့အပြင် တိုက်ခိုက်မှု အချို့အား ရုရှပတ်စ်ပို့အတုများ ကိုင်ဆောင် ထားသည့် တိုက်ခိုက်ရေးသမားများက ပြုလုပ်သွားရန် စီစဉ်မှုများရှိသည်ဟုလည်း Shin Bet မှ ဆိုသည်။
အယ်လ်ကိုင်ဒါ ကလာပ်စည်းမှ စီစဉ်ထားသည့် အခြားသောတိုက်ခိုက်မှုများမှာ အနောက်ဘက်ကမ်းခြေရှိ အစ္စရေးဘတ်စ် ကားတစ်စီးကို ဗုံးခွဲရန်နှင့် ဂျေရုဆလင် ဘတ်စ်ကားမှတ်တိုင်မှ စစ်သားများကို ဖမ်းဆီးရန် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
Mizzima - News in Burmese
No comments:
Post a Comment