Sunday, January 19, 2014

ကလေးမြို့ ရွေ့လျားစစ်ဆေးရေးအဖွဲ့ လိုင်စင်မဲ့ပစ္စည်း သိန်းလေးရာကျော်ဖိုး ဖမ်းမိ


Sunday, January 19, 2014 

ကုန်သွယ်မှု မြှင့်တင်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းစေရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော ရွေ့လျား စစ်ဆေးရေးအဖွဲ့ (Mobile Team) က ၂၀၁၃ ခုနှစ် မေလမှ ဒီဇင်ဘာလအထိ ခုနစ်လအတွင်း ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူး ဦးတင်ထွဋ်က ပြောကြားသည်။

“အခွန်မဆောင်ထားတဲ့ ပစ္စည်းတွေရယ်၊ သတ်မှတ် အရေအတွက်ထက် ပိုသယ်ဆောင်လာတဲ့ ပစ္စည်းတွေရယ် အများဆုံး ဖမ်းမိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ခုနစ်လတာအတွင်း ၂၅ ကြိမ်အထိ ဖမ်းဆီးရာတွင် တန်ဖိုးအများဆုံး ပစ္စည်းများမှာ အိန္ဒိယနိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာသော နံ့သာနီများဖြစ်ပြီး အိန္ဒိယနိုင်ငံထုတ် လူသုံးကုန်၊ အလှကုန် ပစ္စည်းများ ပါဝင်ကြောင်း ၎င်းကရှင်းပြသည်။

Mobile Team က ဖမ်းဆီးနိုင်သူများမှာ ကုန်သည် အငယ်စားများသာဖြစ်ပြီး ယာဉ်စီးလုံးအလိုက် သယ်ဆောင်သူများ ရှိနေသော်လည်း ဖမ်းဆီးမိသည်ဟု မကြားမိကြောင်း၊ ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ကလေးမြို့တွင် အိန္ဒိယပစ္စည်းများ ရောင်းချနေသော ဒေသခံ ကုန်သည်တစ်ဦးက ဆိုသည်။

ကျပ် သိန်းနှစ်ရာကျော် တန်ဖိုးရှိ နံ့သာနီချောင်း ၂၂၆ ချောင်းကို တမူးမြို့နယ် ပန်းသာကျေးရွာတွင် စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းမိခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ နံ့သာနီ ၄၀ ချောင်းနှင့် အိန္ဒိယနိုင်ငံလုပ် ဆေးဝါးများကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အခြားသော အိန္ဒိယနိုင်ငံလုပ် စားသောက်ကုန် ပစ္စည်းများနှင့် ကွမ်းစားဆေးများကို မကြာခဏ ဖမ်းဆီး ရမိခဲ့ကြောင်း မြို့နယ် အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments: