Thursday, January 23, 2014
အရှိန်ဆက်လက်မြင့်မားနေသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပြသတိပေးနေသည့် ငွေကြေးဖောင်းပွမှုနှင့် စပ်လျဉ်းကာ လျစ်လျူရှုထားခြင်းမရှိဘဲ သင့်လျော်သည့်အစီအမံများအား လုပ် ဆောင်နေသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက မဇ္ဈိမသို့ ဇန်န၀ါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အညွှန်းကိန်းတစ်ရပ်ဖြစ်သော GDP တိုးနှုန်းမြင့်မား လာနေသော်လည်း တစ်ပြိုင်နက်တည်း၌ပင် ငွေကြေးဖောင်းပွမှုသည်လည်း ထပ်မံမြင့်တက်လာနေ သည့်အတွက် သတိထားရန်လိုနေဟု IMF က သတိပေးခြင်းနှင့်စပ်လျဉ်းကာ မဇ္ဈိမကဆက်သွယ်မေး မြန်းရာတွင် ဗဟိုဘဏ်ဒါရိုက်တာက အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
အဆိုပါ ဒါရိုက်တာက “ဗဟိုဘဏ်အနေနဲ့ ၂၀၁၁ ခုနှစ်လောက်ကတည်းက IMF ရဲ့ ပူးပေါင်းလမ်းညွှန် တဲ့အတိုင်း ဆောင်ရွက်နေတာရှိပါတယ်။ အခုလည်း ငွေကြေးဖောင်းပွမှုနှုန်းမြင့်လာနေတယ်ဆိုတဲ့ အပေါ်မှာ အရမ်းဆိုးရွားမသွားဘဲ ထိန်းချုပ်ထားနိုင်ဖို့အတွက် ငွေကြေးမူဝါဒ (၂) ဆိုတာကို လုပ်နေ တယ်။ ဈေးကွက်အခြေအနေကိုစောင့်ကြည့်ပြီး ကုန်ဈေးနှုန်းအနိမ့်အမြင့်အရမ်းမဖြစ်ဖို့အတွက် deflation (ငွေကျုံ့ခြင်း) လုပ်တာမျိုးတွေရှိပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေလှဲနှုန်းကြောင့်ငွေကြေးဖောင်းပွမှု မဖြစ်လာအောင် လွတ်လွတ်လပ်လပ် လဲလှယ်ခွင့်ဆိုတာတွေလုပ်နေပါတယ်။ လိုအပ်တဲ့အခါမှာလည်း Monetary Policy တွေနဲ့ပတ်သက်လို့ IMF ပါဝင်တဲ့ အစည်းအဝေးတွေလုပ်နေတာ ဖြစ်တဲ့အတွက် အရမ်းဆိုးရွားသွားနိုင်တာမျိုးတော့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းထားသည် ပျှမ်းမျှအားဖြင့်၂ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ရာမှ ၂၀၁၃ သြဂုတ်လတွင် ၇ ဒသမ ၂ ရာခိုင်နှုန်းဖြင့် နှစ်ဆခွဲမြင့်တက်လာသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင်ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီအရင်ခံစာတွင် သုံးသပ် ဖော်ပြထားသည်။
နိုင်ငံတစ်ခု၏ ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်လာပါက ဗဟိုဘဏ်အနေဖြင့် တိုက်ရိုက်ဖြေရှင်းနိုင် သည့်နည်းလမ်းများအပြင် ပုဂ္ဂလိကလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုအား မြင့်မားစေခြင်း၊ နိုင်ငံအတွင်းစီး ဆင်းနေသည့် ငွေကြေးပမာဏအား လျော့နည်းစေရန် နည်းလမ်းများဖြင့်ဆောင်ရွက်နိုင်သည်ဟု ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးမော်သန်းက မဇ္ဈိမသို့ပြောသည်။
ယင်းက “ငွေကြေးဖောင်းပွတယ်ဆိုတာကို ဗဟိုဘဏ်အနေနဲ့က လှည့်ပတ်နေတဲ့ငွေကြေးပမာဏ မများ သွားအောင် ထိန်းချုပ်ဖို့အတွက် အာမခံစာချုပ်တွေ ထုတ်ရောင်းတာ၊ ငွေစုလက်မှတ်တွေ ထုတ်ရောင်း တာတွေက တိုက်ရိုက်လုပ်နိုင်တယ်။ နောက်ကုန်ထုတ်လုပ်မှုမြင့်မားအောင်လုပ်တာမျိုးတွေကျတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအပြင် အခြားအစိုးရအဖွဲ့တွေနဲ့လည်း ပူးပေါင်းလုပ်ရတာမျိုးတွေလုပ်နိုင်ပါ တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းအနေအထားနှင့်စပ်လျဉ်းကာ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ဒေါ်မေသက်ဇင်က အဓိကအားဖြင့် စားသောက်ကုန်ဈေးနှုန်းများမြင့်တက်မှုကြောင့် ဖြစ်ပြီး အန္တရာယ်မှတ်ဟုမဆိုသာသေးသော်လည်း သတိထားစောင့်ကြည့်ရမည့်အနေအထားသို့ရောက် ရှိပြီဖြစ်သည်ဟု မဇ္ဈိမနှင့် နိုဝင်ဘာလအတွင်း သီးသန့်တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment