Thursday, January 23, 2014
မြန်မာနိုင်ငံတွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ဖိတ်ခေါ်သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်ထိလက်ရောက် စော်ကားမှုကို လက်ခံမည် မဟုတ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ အကြီးတန်း အကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သည့် လူမှုရေး တာဝန်သိလုပ်ငန်း ထွက်ပေါ်ရေး ပူးပေါင်း ဆောင်ရွက်မှု လက်မှတ် ရေးထိုးပွဲတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ အပြုအမူနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံပါက မြန်မာ့ဥပဒေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လိုက်နာရန် လိုအပ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင်မူ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သင်တန်းပေးခြင်းမျိုး ရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။
“စနေနေ့က အောက်ထပ်မှာ အထည်ချုပ် လုပ်ငန်းတွေနဲ့ ဆွေးနွေးတဲ့အခါ နိုင်ငံခြားသား စီမံခန့်ခွဲသူတွေက မပြေမလည် ဆက်ဆံတယ်။ ကိုယ်ထိလက်ရောက် စော်ကားတာမျိုး ရှိတယ် ပြောတယ်။ ဒါမျိုးကို ကိုယ့်နိုင်ငံမှာ လုံးဝလက်မခံပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလိုချင်လို့ ဖိတ်ခေါ် တာ။ အသားရိုက်ခံဖို့ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ အဆိုပါ အပြုအမူများအတွက် တိုင်ကြားနိုင်ပြီး နောက်ဆုံးအဆင့် အနေဖြင့် ဗီဇာ ရုပ်သိမ်းသည်အထိ အရေးယူနိုင်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မြန်မာ့ ယဉ်ကျေးမှု ထုံးထမ်း အစဉ်အလာနှင့် ရင်းနှီးရန် လိုအပ်သည်ဟု ၎င်းကထောက်ပြသည်။
လှိုင်သာယာမြို့နယ်ရှိ ပီနံအိတ် စက်ရုံပိုင်ရှင် တရုတ်အမျိုးသားသည် ၎င်း၏ အလုပ်သမား အမျိုးသားတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုအတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ ထူးခြားမှု မရှိသေးကြောင်း လှိုင်သာယာ မြို့နယ်မှ အလုပ်သမားအရေး လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဦးဌေးက ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလအတွင်း လှိုင်သာယာမြို့နယ်ရှိ ဖိနပ်စက်ရုံပိုင်ရှင် နိုင်ငံခြားသားသည် အချိန်ပို မဆင်းနိုင်သော အလုပ်သမား ၆၀ ကျော်ကို စက်ရုံဝင်းအတွင်း မတ်တတ်ရပ် နေလှန်းခဲ့ပြီး အဆိုပါ အမှုအတွက်လည်း တိုင်ကြားထားကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ တခါးဖွင့်ပြီး နောက်ပိုင်း ကုန်ထုတ်လုပ်ငန်း အများအပြား ဝင်ရောက်လာပြီး ယင်းတို့အနက် အထည်ချုပ်လုပ်ငန်း အများဆုံး ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment