Monday, January 20, 2014
ကချင်ပြည်နယ်တွင် ပြည်နယ်တွင်းမှ အသင်းအဖွဲ့ပေါင်းစုံရှိ တက်ကြွ လှုပ်ရှားသူ လူငယ်များ ပါဝင်သည့် ပထမဆုံး ကချင်ပြည်နယ် လူငယ် ကွန်ရက်ကို ဇန်နဝါရီလ ၁၈ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ ကွန်ရက်ဥက္ကဋ္ဌ ဦးဂျာယုံက ပြောကြားသည်။
ကချင်ပြည်နယ်ရှိ လူငယ်များမှ မြန်မာနိုင်ငံ လူငယ်များ၊ နိုင်ငံတကာ လူငယ်များနှင့် ပူးပေါင်း၍ လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လုပ်ဆောင်သွားရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
လူငယ်ကွန်ရက် အဖွဲ့တွင် ကချင်ပြည်နယ် တစ်ဝန်းရှိ ကချင်၊ ရှမ်း၊ ဗမာ၊ ဂေါ်ရခါး၊ မွတ်ဆလင်၊ ဆစ် စသည့်အဖွဲ့အစည်းများမှ လူငယ်များ ပါဝင်ကာ ကချင်ပြည်နယ် ဒေသတွင်းသာမက နိုင်ငံအကျိုးနှင့် လူငယ်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လှုပ်ရှား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကချင်ပြည်နယ် လူငယ်ကွန်ရက်ရဲ့ ပထမဆုံး လှုပ်ရှားမှုအနေနဲ့ လာမယ့် အပတ်ထဲမှာ မြစ်ဆုံ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားမယ်။ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သတ်ပြီး အတတ်နိုင်ဆုံး လှုပ်ရှားသွားမယ်” ဟု ၎င်းကဆိုသည်။
ကချင်ပြည်နယ် လူငယ်ကွန်ရက် အဖွဲ့၏ ပထမဆုံးသော ပြည်နယ်လုံးဆိုင်ရာ လူငယ် ညီလာခံ ကိုလည်း ဖေဖော်ဝါရီလအတွင်း ပြုလုပ်သွားရန် ရှိပြီး ညီလာခံတွင် စစ်ဒဏ် ခံစားရသည့် လူငယ်များ အရေးနှင့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် လူငယ်များအနေဖြင့် ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်လူငယ် ကွန်ရက်ထံမှ သိရသည်။
ဖွဲ့စည်းလိုက်သော ကချင်ပြည်နယ် လူငယ်ကွန်ရက်ကို ကချင်ပြည်နယ် တစ်ဝန်းရှိ ဘာသာပေါင်းစုံ လူငယ် အဖွဲ့အစည်း ၁၃ ခုက ဇန်နဝါရီလ ၁၇၊ ၁၈ ရက်များတွင် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ကချင်ပြည်နယ်၏ ပထမဆုံး ဘာသာပေါင်းစုံ ပါဝင်သည့် လူငယ် အဖွဲ့အစည်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment