Tuesday, January 21, 2014

၈၈ ကျောင်းသားတို့၏ နေပြည်တော် စာပေဟောပြောပွဲ နှစ်နှစ်ဆက် အခက်ကြုံ


Tuesday, January 21, 2014

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်နှစ်ဦးဖြစ် သည့် ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့သည် ဇန်န၀ါရီ ၂၁ ရက်တွင် နေပြည်တော်နယ်မြေ၊ တပ်ကုန်းမြို့၌ စာ ပေဟောပြောပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း ဇန်န၀ါရီ ၂၀ ရက် ညနေ ၅ နာရီအထိ အာဏာပိုင်များ ထံမှ တရားဝင်ခွင့်ပြုချက်မရသေး၍ မကျင်းပနိုင်တော့ဟု ဦးဂျင်မီက မဇ္ဈိမကို ပြောသည်။

“ဒါ နှစ်နှစ်ဆက်တိုက်ပဲ။ တစ်နိုင်ငံလုံးမှာ ကျင်းပခွင့်ရနေလျက်နဲ့ နေပြည်တော်မှာ လုပ်လို့မရဘူး။ ပေး ချင်ရင် လွယ်တယ်ဗျ၊ စီစဉ်သူကို ဖိအားပေး ခြိမ်းခြောက်တဲ့ သတင်းတွေလည်း ထွက်နေလို့ မနက်ဖြန် မသွားတော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်”ဟု ၎င်းက ဆိုသည်။

ကျင်းပရေးခွင့်ပြုမိန့် တင်ရာတွင် မြို့နယ်စာရေးဆရာအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကျင်းပရန်စီစဉ်ထားသည့် မြို့နယ် သာသနဗိမာန်တို့၏ ထောက်ခံချက် လိုအပ် သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်ဟု ပွဲစီစဉ်သူ ကိုကျော်မြတ်သူက ဆိုသည်။

ယင်းတို့အနက် မြို့နယ်စာရေးဆရာအသင်းနှင့် သာသနဗိမာန်တို့က ထောက်ခံပေးရန် ငြင်းဆန်ခဲ့သည် ဟု ၎င်းက ဆက်ပြောသည်။ ထောက်ခံချက်မပေးခြင်းသည် ပြင်ပတွင် သတင်းပြန့်နေသည့် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ နှောင့်ယှက်ခြင်း ကြုံတွေ့ရမည်ဟူသော ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ဖြစ်နိုင်သည် ဟု ၎င်းက သုံးသပ်သည်။

“မငြင်းပယ်ပါဘူး၊ လျှောက်ထားတဲ့သူကို ဘာတွေလိုတယ်ဆိုတာ အကြောင်းစုံ ပြောထားပြီးသားပါ”ဟု တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးသူက မဇ္ဈိမကို ပြောသည်။ 

ဦးဂျင်မီကမူ “ဆင်ခြေတွေက မလုံလောက်ဘူး။ နေပြည်တော်မှာလုပ်ဖို့ စွန့်လွှတ်လိုက်တာတော့ မဟုတ် ဘူး။ ဥပဒေကြောင်းအရ ဆက်လုပ်မှာ”ဟု ပြောသည်။

ပွဲစီစဉ်သူတို့က မဖြစ်မနေကျင်းပရန် လိုလားသော်လည်း ထွက်ပေါ်နေသည့် ခြိမ်းခြောက်မှုများကို ငဲ့၍ ယင်းနေ့တွင် ဆောင်ရွက်တော့မည်မဟုတ်ဘဲ ကျင်းပခွင့်ရရန် ဥပဒေကြောင်းအရ ဆက်လက် ကြိုးပမ်း မည်ဟု ဦးဂျင်မီက ပြောသည်။ 

“၈၈တို့၊ NLD တို့ နေပြည်တော်မှာ ဘာပွဲမှမလုပ်ရဘူးလို့ နေပြည်တော်ကောင်စီက ညွှန်ကြားထားတယ် တို့၊ ဒီပွဲလုပ်ရင် အရေးယူမယ်တို့၊ မရရအောင်ဖျက်မယ်တို့ စတဲ့အသံမျိုးစုံ လွှင့်နေတာရှိပါတယ်”ဟု ၎င်း က ပြောသည်။

ယခုကဲ့သို့ ၈၈ အဖွဲ့ ကြုံတွေ့ရခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယမန်နှစ်ကလည်း အာဏာပိုင် တို့က ခွင့်ပြုခဲ့ခြင်းမရှိပေ။

Mizzima - News in Burmese

No comments: