Wednesday, January 22, 2014

အခြေခံပညာအဆင့်တွင် တိုင်းရင်းသားဘာသာစကားများ သင်ကြားရန် ဆွေးနွေးမည်



Wednesday, January 22, 2014

မြန်မာနိုင်ငံ အခြေခံပညာရေးအဆင့်တွင် တိုင်းရင်းသားဘာသာစကားများ ထည့်သွင်းသင်ကြားနိုင်ရန် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ဆွေးနွေးပွဲကို ဇန်န၀ါရီ ၃၁ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်၊ ခ၀ဲခြံ၊ ဗဟိုလမ်း (အပေါ်လမ်း)ရှိ ရန်ကုန် မျက်မမြင်ကျောင်း၌ ပြုလုပ်သွားမည်ဟု ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် National Network For Education Reform (NNER)မှ ဒေါက် တာသိန်းလွင်က ပြောသည်။

ဆွေးနွေးပွဲတွင် ဖင်လန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ပညာရှင်များက ပြည်တွင်းရှိ သက်ဆိုင်ရာ ဘာ သာဗေဒပညာရှင်များနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။ “နိုင်ငံတစ်ခုတည်းမှာ တိုင်းရင်းသားဘာသာစ ကားတွေ အများကြီးရှိတဲ့ နိုင်ငံတွေက ပညာရှင်တွေ ကျွန်တော်တို့ ဖိတ်မယ်”ဟု ဒေါက်တာသိန်းလွင်က ပြောသည်။

မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ပထမအကြိမ် ပညာရေး ပြုပြင်ပြောင်း လဲမှုဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ပြီးခဲ့သော ၂၀၁၂ ခုနှစ် အောက်တိုဘာ ၆ ၊ ၇ ရက်များက ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီအသီးသီးနှင့် ပညာ ရေး၊ ဘာသာရေး ဘုန်းတော်ကြီးသင်ကျောင်းများအပါအ၀င် ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းဆရာနှင့် တက္က သိုလ်ဆရာများ စသည့်အဖွဲ့ ၁၄ ဖွဲ့တို့ ပါဝင်ပြုလုပ်ခဲ့သည်။

ထို့နောက်တွင် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊Thinking Classroom Foundation၊ Educationalist Network၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ Generation Wave၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ်၊ တက္ကသိုလ် ဆရာ၊ ဆရာမများ အစည်းအရုံး၊ ကျောင်းသားသမဂ္ဂများ (ဗ.က.သ၊ တ.က.သ၊ က. သ.ဖ)၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးသင် ကျောင်းများ၊ ခရစ်ယာန်အခြေပြု ဓမ္မတက္ကသိုလ်နှင့် ကျောင်းများ တိုင်းရင်းသားပညာရေး အဖွဲ့အစည်း များနှင့် ပညာရှင်များက စတင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် ဖြစ်မြောက်ရေးအဖွဲ့သည် ပြည်နယ်နှင့် တိုင်း အသီးသီးရှိ ပညာရေး အဖွဲ့အစည်းများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အ စည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံ ညှိနှိုင်းကာ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲများကို ၂၀၁၃ ခုနှစ် မတ်လမှ ဇွန်လဆန်းအထိ တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

No comments: