Tuesday, January 21, 2014

ဒုက္ခသည်များအား အကြောင်းပြကာ KIA မှ ဆက်ကြေးကောက်


Tuesday, January 21, 2014
ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီး ကျေးရွာအပါအ၀င် ရှမ်းရွာ(၁၅)ရွာအား ဒုက္ခသည်များအား ကူညီ ထောက်ပံ့ရန်ဟု အကြောင်းပြကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇန်န၀ါရီ ၁၅ ရက်နေ့မှ စပြီး ဆက်ကြေးငွေများ ကောက်ခံထားကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

``တစ်အိမ်ထောင်ကို သုံးသောင်းပေးရမယ်လို့ပြောတယ်။ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ KIA က တောင်းတာလို့ ရွာလူကြီးက ပြောပါတယ်။ ဒီလ ၁၅ ရက်နေ့ကစပြီး တောင်းနေတာပါ´´ ဟု မန်ဝိန်းကြီးရွာသား ကို အိုက်ယုံက ပြောသည်။

KIA အဖွဲ့မှ အဆိုပါ ကျေးရွာ(၁၅)ရွာမှ အုပ်ချုပ်ရေးမှူးများအား ဇန်န၀ါရီ ၉ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံပြီး မန်စီမြို့နယ် နန့်လင်းပါကျေးရွာဘက်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေ သုံးသောင်ကျပ် ထောက်ခံပေးရန်နှင့် အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် လာရောက် ပေးသွင်းရန် ပြောကြားခဲ့ကြောင်း သိရသည်။

``အချို့ရွာတွေကတော့ သွားပြီးသွင်းနေတယ်လို့ကြားတယ်။ တစ်အိမ် သုံးသောင်းဆိုတော့ အချို့မိသားစု တွေက မတတ်နိုင်ဘူး၊ ကိုယ့်မိသားစုစားဖို့တောင် မနည်းရုန်းကန်နေရတာ၊ ဒုက္ခသည်တွေကို ထောက်ပံ့ ချင်ပါတယ်။ ဒါပေမယ့် KIA က ကျွန်တော်တို့ကို အမိန့်နဲ့ တောင်းတာဆိုတော့ ကြောက်ပြီး ပေးရတဲ့သဘော ဖြစ်နေတယ်။ 
ဒုက္ခသည်တွေအတွက်ဆိုပြီး ခေါင်းစဉ်ပြတာပါ။ သူတို့ KIA အဖွဲ့အတွက်ပဲ ဖြစ်မှာပါ´´ ဟု ပန်ခမ်းရွာသားတစ်ဦးက ပြောကြားသွားသည်။

KIA အနေဖြင့် ဒေသခံရှမ်းလူမျိုးများထံမှ နှစ်စဉ် ဆက်ကြေးအဖြစ် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်တင်းခွဲ နှုန်း၊ လယ်/ယာမြေတစ်ဧကလျှင် တရုတ်ယွမ် ၁၅၀၀ နှုန်းအား ဇန်န၀ါရီ ပထမပတ်မှစ၍ ကောက်ခံလျက်ရှိ ကြောင်း မန်ဝိန်းကြီးရွာမှ ဒေါ်နန်းမူ၏ ပြောပြချက်အရ သိရသည်။

``အခု KIA က ဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေ သုံးသောင်း ကောက်တယ်။ အဲဒီတောင်းတဲ့ငွေ ပေးဖို့ ဒီမန်ဝိန်းကြီးကနေ နောင်တောင်းကို ကြံတွေ သွားရောင်းတယ်။ ပန်ခမ်းဂိတ်မှာ ကြံကားတစ်စီးကို ယွမ် (၇၀)နှုန်းနဲ့ KIA က ဂိတ်ကြေးကောက်နေတယ်။ KIA က ခေါင်းစဉ်အမျိုးမျိုးပြပြီး ကျွန်တော်တို့ ဒေသခံရှမ်းတွေ ဆီက ဆက်ကြေးတွေကောက်နေတာပါ´´ ဟု ကြံစိုက်တောင်သူ ကိုစိုင်းကလည်း ပြောကြားသွားခဲ့သည်။

cradit to : နော်မိုင်

No comments: