Tuesday, February 11, 2014

ဖွဲ့စည်းပုံပြင်ဆင်မည်ဆိုပါလျှင် စဉ်းစဉ်းစားစားလုပ်ဆောင်ကြစေချင်ပါသည်


Tuesday, February 11, 2014
၂၀၀၈ခုနှစ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး အသစ်ပြန် လည်ရေးဆွဲရေး အသံတွေ ကျယ်လောင်စွာကြားနေရပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူ့ခေတ်သူ့ အခါ ကာလက ပြည်သူလူထု ၉၂ဒသမ၄၈ရာခိုင်နှုန်းကျော်နဲ့တခဲနက်အတည်ပြုထားတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ မဲပေးတဲ့ သူ ၉၂ရာခိုင်နှုန်းကျော်ဆိုတဲ့ အရေအတွက်ဟာ ရာခိုင်နှုန်းပြည့်နီးပါးလို့ ဆိုလို့ရပါတယ်။ ဒါကို ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ပါဘူးလို့ ပြောနေသူတွေဟာ တကယ်တော့ ဒီဥပဒေအရ ပေါ်ပေါက်လာတဲ့လွှတ်တော် ကုလားထိုင်မှာထိုင်နေတဲ့ သူတွေဖြစ်ပါတယ်။ ပြည်သူ့ ဆန္ဒအစစ်အမှန်မဟုတ်ပါဘူး၊ကန့်ကွက်ပါတယ်ဆိုရင် လွှတ်တော်တွေလည်း ပေါ်လာစရာ အကြောင်း မရှိပါဘူး။

လွှတ်တော်မရှိရင်၊ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်လာမှာမဟုတ်သလို မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းထဲ ကို လျှောက်လှမ်းလို့ရမှာမဟုတ်ပါဘူး။ အဲလိုဆိုရင်စစ်အုပ်ချုပ်ရေးအောက်မှာပဲ တ၀ဲလည်လည်နဲ့နေကြရမှာပါ။၂၀၀၈ အခင်းအကျင်းကောင်းမွန်လို့ ဒီကနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားနေပြီး ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ လွှတ်တော်ဆန္ဒလို့ကြွေးကြော်နေနိုင်ပါပြီ။ အရာရာတိုင်းမှာအားနည်းချက်၊အားသာချက်ဆိုတာတွေရှိစမြဲပါပဲ။၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝစင်းလုံးချောကောင်းတယ်လို့မပြောပါဘူး။ ဒီမိုကရေစီစနစ်နဲ့အံဝင်ဂွင်ကျမဖြစ်လို့ ပြင်သင့်တာမျိုးရှိရင်ပြင်ရပါမယ်။ပြင်ဆင်နိုင်ဖို့လည်း နည်းလမ်းတကျ အခြေခံဥပဒေမှာပြဋ္ဌာန်းထားပြီးသားပါ။

လုံးဝပြင်ဆင်လို့မရတဲ့ဥပဒေမျိုးမဟုတ်တဲ့အတွက် သတ်မှတ်နည်းလမ်းအတိုင်းပြင်ဆင်နိုင်ပါတယ်။ ပြင်ဆင်တဲ့ အခါမှာစဉ်းစားသင့်တဲ့အချက်ကတော့ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားထက် ပြည်သူအများရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်ရမှာတော့ ဒီမိုကရေနည်းလမ်းပဲဖြစ်ပါတယ်။ အခုလဲ ပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဖြည့်စွက်ရေးကိစ္စဟာ လုံလောက်ပြီလို့ ဆိုချင်ပါတယ်။

ဒါပေမယ့် လွှတ်တော်ပြင်ပမှာ ပြင်ဆင်ဖြည့်စွက်ဖို့လုပ်နေတာမျိုးကျတော့ ပြည်သူတစ်ဦးအနေနဲ့ဘယ်လို သဘောပေါက်နားလည်ရမယ်မှန်းမသိဖြစ်သွားပါတယ်။ အခြားသောနိုင်ငံတွေလိုအာဏာရပါတီတစ်ခုကနေဦးဆောင်ပြီး ရေးဆွဲတာပြင်ဆင်တာမျိုးဆိုရင်နည်းလမ်းကျပါတယ်။ အခြေအနေကောင်းတစ်ရပ်ဆီကိုလျှောက်လှမ်းနေတဲ့ခြေလှမ်း တွေကို ရိုက်ချိုးဖို့ကြိုးစားနေသလိုမျိုးမို့ အသစ်ပြန်လည်ရေးဆွဲမယ်ဆိုတဲ့စီစဉ်နေမှုမျိုးကိုတော့ အပြင်းအထန်ကန့်ကွက် ပါတယ်။ အပြုသဘောထက် အဖျက်ဘက်ကို ဦးတည်လွန်းနေပါတယ်။၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ စစ်အစိုးရက ဗိုလ်ချုပ်ကြီးတွေချည်းရေးဆွဲခဲ့တာမဟုတ်ပါဘူး။ တကယ့်ဥပဒေပညာရှင်ကြီးတွေအပါအ၀င် ရာနဲ့ချီပြီးရှိနေတဲ့ အမျိုးသားညီလာခံကိုယ်စားလှယ်များက အစုအဖွဲ့ အသီးသီးနဲ့ ရေးဆွဲခဲ့တာပါ။ ပြီးတော့ ၉၂.၄၈% ကရော သုညက နေလုပ်ကြံပြီး ရလာတယ်လို့ထင်ပါသလား။တကယ် မဲပေးခဲ့တဲ့လူတွေသန်းပေါင်းများစွာ ရှိနေဆဲဖြစ်ပါတယ်။ ငါလုပ်တာ မဟုတ်လို့ ဘယ်သူဘာလုပ်လုပ်မထောက်ခံဘူးဆိုတဲ့ အတွေးအခေါ်မျိုးဆိုတာ တိုင်းပြည်အတွက် အန္တရာယ်ကြီးမား လှ ပါတယ်။

နောက်ပြန်လှမ်းရမယ့် အခြေအနေမဟုတ်တော့တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်နိုင်လျှင် တိုင်းပြည်မှာ ပြဿနာတွေပိုများလာနိုင်တယ်ဆိုတဲ့ အပြောအဆိုမျိုးတွေဟာ ဒီမိုကရေစီနဲ့ညီပါရဲ့လား။ အကယ်၍များ ပြည်သူအများစုက ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တာကို မထောက်ခံပါဘူးဆိုရင်ရော ဒီမိုကရေစီနည်းလမ်းအရ အများစုဆန္ဒကို အနည်းစုကလိုက်လျောရမှာပါ။ ပြောချင်တာက အဓိကဆုံးဖြတ်မယ့်သူများ သည် ပြည်သူများသာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို စဉ်းစဉ်းစားစားလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ချင် ပါတယ်။ 

ကိုကိုညွန့်
credit to : ကိုကိုညွန့်

No comments: