Wednesday, February 26, 2014

"ပြည်သူသာ အမိ၊ ပြည်သူသာ အဖ" ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ထုတ်ဖော် ပြောကြား


Wedesday, February 26, 2014
အင်ဒိုနီးရှား သမ္မတနိုင်ငံတွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ရက် ဒေသ စံတော်ချိန် ည၇ နာရီခွဲတွင် အင်ဒိုနီးရှား သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိကြရာ သံအမတ်ကြီး ဦးမင်းလွင် နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ အာဆီယံ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် သံအမတ်ကြီးနေအိမ်ဧည့်ခန်းမ၌ သံရုံးဝန်ထမ်းများအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင် -

● အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတစ်လျှောက် ကတည်းက တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ကူညီခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ကြောင်း၊ မိမိ ယခုခရီးစဉ် လာရောက်ခြင်းသည် အင်ဒိုနီးရှားနှင့် မြန်မာ့ တပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် နိုင်စေရန်နှင့် ဆက်ဆံရေး နွေးထွေးစေရန် ရည်ရွယ် ချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း၊

● တပ်မတော်သည် ၂ဝ၁၁ ခုနှစ်ကစ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်လာသည့် အမျိုးသားရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြောင်း၊ ဒို့တာဝန်အရေး သုံးပါးနှင့် နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှု အာဏာကို ထိပါးမှု အန္တရာယ်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးမှု အန္တရာယ်၊ လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့မှု အား ဖျက်ဆီးနှောင့်ယှက်မှု အန္တရာယ်များကို ကာကွယ်ရန် တပ်မတော်တွင် တာဝန် ရှိကြောင်း၊

● မိမိတို့ နိုင်ငံသည် ဒေသ အခြေအနေနှင့် ကိုက်ညီသည့် ဒီမိုက ရေစီစနစ်ကို သွားနေကြောင်း၊ ဒီမိုကရေစီ သက်တမ်းနုနယ် သေးသည့် အတွက် စနစ်ကို ခိုင်မာအောင် အချိန်ပေးရန် လိုအပ်ကြောင်း၊ မည်သည့်နိုင်ငံ တွင်မဆို ခေါင်းဆောင်တိုင်းသည် တိုင်းပြည်ငြိမ်းချမ်းပြီး တိုးတက် စေချင်သည့် ဆန္ဒသာ ရှိပါကြောင်း၊ ငြိမ်းချမ်း တည်ငြိမ်သော နိုင်ငံတိုင်းသည် ဖွံ့ဖြိုးတိုးတက်ခြင်း အရသာကို ခံစားရကြောင်း၊ မိမိ တို့နိုင်ငံအစိုးရနှင့်တပ်မတော်သည် ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ကြိုးစားလုပ်ကိုင်နေ ကြကြောင်း၊

● အင်ဒိုနီးရှားတွင် လာရောက် တာဝန်ထမ်းဆောင် နေကြသော သံရုံးဝန်ထမ်းများ အားလုံးသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်ကြရန် ပြောကြား လိုပါကြောင်း၊

● မိမိတို့သည် ပြည်သူလူထု အတွင်းမှ ပေါက်ဖွားလာသူများ ဖြစ်၍ တိုင်းပြည်နှင့် ပတ်သက်လာလျှင် ပြည်သူသာ အမိ၊ ပြည်သူ သာအဖ ဆိုသည်မှာ အစစ်အမှန်ပင် ဖြစ်ကြောင်း၊

● တိုင်းပြည်အတွက် တာဝန်ထမ်းဆောင် ကြရာတွင် သံရုံးအဖွဲ့ အသီးသီးမှ ဝန်ထမ်းများသည် စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ် နေထိုင် သွားကြရန်နှင့် မြန်မာလူမျိုးကို ချစ်သည့်စိတ်၊ တိုင်းပြည်ကို ချစ်သည့်စိတ်ရှိရန် လိုအပ်ကြောင်း၊

● အရေးကြီးကြီး မကြီးကြီး သွေးနီးကြရန် လိုကြောင်း၊ ကိုယ့်ကဏ္ဍအလိုက် ကိုယ့်တိုင်းပြည် အကျိုးရှိမည့် ကိစ္စများကို စည်းလုံး ညီညွတ်စွာဖြင့် ပူးပေါင်း လုပ်ဆောင် သွားရန် လိုကြောင်း၊ ကျန်းမာရေး ဂရုတစိုက် နေထိုင် ကြရန်နှင့် သံရုံး လုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေးများကိုလည်း ဂရုပြုကြစေ လိုကြောင်း ဆွေးနွေး ပြောကြားသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာသံရုံး၊ စစ်သံရုံး၊ အာဆီယံ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးတို့မှ ဝန်ထမ်းများနှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူး ချုပ်ရုံးမှ ဝန်ထမ်းများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား သံအမတ်ကြီး ဦးမင်းလွင်က ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

mwd

No comments: