Monday, February 10, 2014

ရွှေလုပ်ကွက်များကြောင့် ချင်းတွင်းမြစ် ပြဒါးပါဝင်မှုတိုင်းတာရန် လိုနေပြီဟုဆို


Monday, February 10, 2014

ချင်းတွင်းမြစ်အထက်ပိုင်းတွင် တရားမ၀င် ရွှေတူးဖော်သူ များပြားလာခြင်းကြောင့် မြစ်အတွင်း ပြဒါးပါဝင် မှုနှုန်း အမြန်ဆုံး တိုင်းတာရန် လိုအပ်နေပြီဖြစ်ကြောင်း ကလေးကဘော်လွင်ပြင်ဒေသ စောင့်ကြည့်ရေး အဖွဲ့မှ ဦးကျော်သက်ဝင်းက ပြောသည်။

“ချင်းတွင်းမြစ်ပေါ်မှာ တရားမ၀င် ရွှေကျင်တာတွေ ပိုများလာတဲ့အတွက် မြစ်ကြောင်းပြောင်းသွားပြီး သောင်တွေ ထွန်းလာတာတွေ ရှိတယ်။ သောက်သုံးရေကို ဒီချင်းတွင်းမြစ်ကပဲ သောက်သုံးကြတာဆို တော့ပြဒါးပါဝင်မှုကြောင့် ဒေသခံတွေအတွက် အများကြီးအန္တရာယ်ရှိသလို ငါးသယံဇာတအတွက်လည်း အလားအလာ မကောင်းနိုင်ပါဘူး။ ဒါကြောင့် ချင်းတွင်းမြစ်ရေကို စစ်ဆေးပေးဖို့ အမြန်ဆုံး လိုအပ်နေ တယ်”ဟု ၎င်းက ပြောသည်။

ချင်းတွင်းမြစ်အတွင်း ငါးများ တစ်နှစ်ထက်တစ်နှစ် ရှားပါးလာပြီး ငါးများရှားပါးရခြင်းသည် မြစ်ကြောင်း တစ်လျှောက် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့်ဟု ဆိုသည်။

မြန်မာအစိမ်းရောင်ကွန်ယက်မှ ဘူမိဗေဒပညာရှင် ဦးစောမိုးမြင့်က “ရွှေတူးတာ၊ ရွှေကျင်တာတွေမှာ သုံး တဲ့ဓာတုဆေးတွေမှာ ပြဒါးပါဝင်မှုနှုန်းများနေတာ တွေ့ရတယ်။ မြစ်ထဲမှာပြဒါးပါဝင်မှုက အန္တရာယ်အရမ်း ရှိတယ်။ ချင်းတွင်းမြစ်အတွင်း ပြဒါးပါဝင်မှုနှုန်းနဲ့ပတ်သက်ပြီးတော့ တိုင်းတာစစ်ဆေးမှုတွေ လုပ်သွားဖို့ရှိ တယ်”ဟု ပြောသည်။

ပေ ၅၀ ပတ်လည်ရှိ ရေကန်တစ်ခုအတွင်း ပြဒါးပါဝင်မှု တစ်ဇွန်းပျော်ဝင်လျှင်ပင် အဆိုပါရေကန်ရှိ ငါးများ သေဆုံးနိုင်သည်။ သို့သော် ချင်းတွင်းမြစ်သည် ရေရှင်ဖြစ်သည့်အတွက် ရေသေကဲ့သို့ အန္တရာယ်မကြီး မားနိုင်ကြောင်း ဦးစောမိုးမြင့်က ဆိုသည်။

ချင်းတွင်းမြစ်အတွင်း တရားမ၀င်ရွှေကျင်သူများကို ထိန်းချုပ်ရန်နှင့် ပြဒါးပါဝင်မှုနှုန်းကြောင့် ဖြစ်လာနိုင် သည့် အကျိုးဆက်များနှင့်ပတ်သက်ပြီး အထက်ချင်းတွင်းလူငယ်ကွန်ရက်က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း တွင် ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စာတင်ပြ ထားသော်လည်း ယနေ့အထိ တစ်စုံတစ်ရာဆောင်ရွက်မှုမရှိသေးကြောင်း အထက်ချင်းတွင်းလူငယ်ကွန် ရက်အဖွဲ့က ဆိုသည်။

အထက်ချင်းတွင်းဒေသဖြစ်သည့် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကသာခရိုင်နှင့် ဗန်းမောက်မြို့များ တွင် တရားမ၀င် ရွှေတူးမှုများ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး တရားဝင် ရွှေတူးဖော်ရေးလုပ်ငန်းမှာ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာရှိသည်ဟု စစ်ကိုင်းတိုင်း ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးတင်ရွှေက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်သူများကို လုပ်ကိုင်ခွင့်ပြုပေးခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် တစ်ပိုင်တစ်နိုင်ရွှေတူးဖော်သူများကို ခွင့်မပြုခြင်းကြောင့် တရားမ၀င် ရွှေတူး ဖော်သူများ များလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ၂ ရက်မှစတင်ပြီး အလတ်စားနှင့်အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းများကို အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုပေးခြင်း မရှိတော့ပေ။

Mizzima 

No comments: