Thursday, February 13, 2014

ရခိုင်ပြည်နယ် ဓာတ်ပုံနှင့် ဗီဒီယိုပညာသည်များ ဆန္ဒထုတ်ဖော်


Thursday, February 13, 2014

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်အတွက် တင်ဒါ ခေါ်ယူခဲ့ခြင်းအပေါ် ရခိုင်ပြည်နယ် ဓာတ်ပုံနှင့် ဗီဒီယို ပညာသည်များ အသင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

တင်ဒါ ခေါ်ယူရာတွင် ရခိုင်ပြည်နယ် ဓာတ်ပုံပညာသည်များ အသင်းမှ ၁၀၅ သိန်းကျပ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခြားဓာတ်ပုံတိုက်များ ဖြစ်သည့် သိင်္ဂီရွှေရည်မှ ကျပ်သိန်း ၉၀ နှင့် ရွှေကမ္ဘာဦးမှ ကျပ်သိန်း ၈၀ ဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း ကျပ်သိန်းကိုးဆယ်ပေးသည့် သီင်္ဂီရွှေရည် ဓာတ်ပုံတိုက်ကိုသာ ပေးအပ်ခဲ့သဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ယင်းအသင်းမှ ဦးမောင်ခင်ဝင်းက ပြောကြားသည်။

ဘွဲ့နှင်းသဘင်အတွက် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့် တင်ဒါကို ဇန်နဝါရီလဆန်းပိုင်းက ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ တင်ဒါအောင်မြင်သူကို ကြေညာရာတွင် ဈေးနည်းသူကို ပေးအပ် ခဲ့သောကြောင့် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဓာတ်ပုံနှင့် ဗီဒီယို ပညာသည်များအသင်းမှ ဘဏ္ဍာရေးမှူး ဦးမောင်ခင်ဝင်းမှ The Voice သို့ ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် နေ့လယ် ၁ နာရီမှ ၁နာရီ ၄၅ အထိ စစ်တွေမြို့လယ်ရှိ ယခင်စစ်တွေ တက္ကသိုလ် အဆောက်အအုံရှေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် ဓာတ်ပုံနှင့် ဗီဒီယို ပညာသည်များ အသင်းမှ အသင်းဝင် ၅၀ခန့်နှင့် ပြင်ပမှ ပူးပေါင်းသူ ၁၅၀ ဦးခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းကဆိုသည်။
“စာတင်တုန်းက ကျွန်တော်တို့ကို ဘယ်ကင်မရာ အမျိုးအစား၊ ဘယ်စက်နဲ့ ဓာတ်ပုံကူးမယ် ဆိုတာတော့ စာရေးပြီး တင်ခဲ့ရတယ်။ ဒါပေမဲ့ ဈေးပြိုင် တင်ဒါဆိုတာ ငွေပိုပေးတဲ့လူကို ချပေးရမှာပေါ့” ဟု ဦးမောင်ခင်ဝင်းမှ ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေ တက္ကသိုလ်သို့ တာဝန်ရှိသူများထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

The Voice Weekly

No comments: