Sunday, February 16, 2014

ပျဉ်းမနားအချုပ် ဆူပူမှု သေနတ်ဖြင့် ပစ်ခတ် ထိန်းသိမ်း


Sunday, February 16, 2014

နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့ မြို့မ ရဲတပ်ဖွဲ့စခန်း အချုပ်အတွင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက ဆူပူမှု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ထိန်းသိမ်းခဲ့သောကြောင့် အချုပ်သား တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နေပြည်တော် ရဲချုပ်ရုံးမှ ဒုတိယ ရဲမှူးကြီး ဝင်းစိန်က ပြောကြားသည်။

လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ခံထားရသည့် အချုပ်သားသည် စိတ်ဖောက်ပြန်ကာ သံတိုင်ကို ခေါင်းနှင့် ဆောင့်နေသဖြင့် ၎င်းကို အချုပ်ခန်းထဲမှ ထုတ်ကာ ဒဏ်ရာများကို ဆေးထည့်၍ အချုပ်ခန်းထံသို့ ပြန်သွင်းစဉ် ဆွဲလား ရမ်းလား ပြုလုပ်ကြောင်း၊ ယင်းအချုပ်သားကို ထိန်းသိမ်းရာ တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အချုပ်သားများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အချုပ်သားများက အချုပ်ခန်းကို မီးရှို့ခဲ့ကြောင်း ဒုတိယ ရဲမှူးကြီး ဝင်းစိန်က ပြောဆိုသည်။

“ဆွဲလားရမ်းလား လုပ်တာကို ထိန်းသိမ်းတာ။ အဲဒီအချိန်မှာ ကျန်တဲ့ အခန်းတွေကပါ မတရား မလုပ်နဲ့ ဆိုပြီးတော့ ဆူပူမှုတွေ ဖြစ်သွားတာ” ဟု ၎င်းက ရှင်းပြသည်။

အချုပ်တွင်း ဆူပူမီးရှို့မှုများ ဖြစ်ပွားနေ၍ မီးသတ်တပ်ဖွဲ့က မီးသတ်ပိုက်များဖြင့် လူစု ခွဲစေသော်လည်း လူမကွဲဘဲ ပြန်လည် ခုခံသဖြင့် အထိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က သေနတ် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ပျဉ်းမနားမြို့နယ် မီးသတ် ဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြေကြားသည်။ 

“သတင်းစာတွေကို မီးရှို့ပြီး အထဲကနေ အုတ်ခဲ အပိုင်းအစတွေနဲ့ ပြန်ပစ်တာတွေ ဖြစ်လာတော့ သေနတ် ပစ်ဖောက်တဲ့ အဆင့်ကို ရောက်သွားတယ်။ ၁၀ ချက်ကျော် ပစ်လိုက်ရတယ်။ မီးလောင် ဆုံးရှုံးမှုကတော့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားရသည့် ကိစ္စနှင့် ပတ်သက်၍ အချုပ်သားများကို တွေ့ဆုံ မေးမြန်းခွင့်ပြုရန် ပျဉ်းမနားမြို့ မြို့မ ရဲတပ်ဖွဲ့ စခန်းမှ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ တောင်းခံခဲ့သော်လည်း ဝင်ခွင့်မပေးခဲ့ပေ။

အဆိုပါ အချုပ်တွင်း ဆူပူမှု ဖြစ်ပွားရခြင်းသည် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ မျှတစွာ ဆက်ဆံမှုများ မရှိသောကြောင့် ဖြစ်ပြီး လူ့အခွင့်အရေး ဆုံးရှုံးမှုများသည် အချုပ်သားများ စိတ်ဒဏ်ရာ ရရှိကာ ဆူပူအုံကြွမှုများ ဖြစ်လာခြင်း အကြောင်းအရင်း ဖြစ်ကြောင်း နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

“အခု ဒီနိုင်ငံမှာ အကျဉ်းထောင်ထဲမှာဖြစ်ဖြစ် အချုပ်ခန်းထဲမှာဖြစ်ဖြစ် အကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးမယ့် ဥပဒေ မပြဋ္ဌာန်းနိုင်ရင်တော့ ဒီလိုမျိုးတွေက ဆက်ဖြစ်နေဦးမှာပဲ” ဟု ၎င်းက ဆိုသည်။ 

အဆိုပါ အချုပ်တွင်း ဆူပူမှုတွင် နှိမ်နင်းရာတွင် နှစ်နာရီကျော် ကြာမြင့်ပြီး ရဲတပ်ဖွဲ့ အင်အား တစ်ရာကျော်၊ မီးသတ်တပ်ဖွဲ့ ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီး ရောက်ရှိလာသည်ကို တွေ့ရကြောင်း အချုပ်အနီးရှိ ကွမ်းယာ ဆိုင်ပိုင်ရှင် တစ်ဦးကဆိုသည်။

ပစ်ခတ် နှိမ်နှင်းရာတွင် စရိတ်ကျည် (ခေါ်) ခဲသီး ဆယ့်နှစ်လုံးပါသည့် ကျည်ဆံကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမှာ စိုးရိမ်စရာ မရှိကြောင်း၊ ဆူပူမှု ဖြစ်ရသည့် အကြောင်းအရင်း အမှန်ကို စုံစမ်း စစ်ဆေးရေး အဖွဲ့က ဖော်ထုတ်မည် ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး ဦးဝင်းစိန်က ဆိုသည်။

“အခုလောလောဆယ် အင်အားတိုး ချထားတယ်၊ နောက်ပြီး ဘာကို မကျေနပ်လို့ ဆူပူမှု ဖြစ်တာလဲ၊ ကြိုတင် စီစဉ်တာလား၊ အရာရှိတွေကို မကျေနပ်လို့လား၊ အချင်းချင်း မကျေနပ်လို့လား ဆိုတာကို စုံစမ်း ဖော်ထုတ်သွားမယ်” ဟု ၎င်းက ဆိုသည်။

ပျဉ်းမနား မြို့မ ရဲတပ်ဖွဲ့စခန်း အချုပ်ကို လွတ်လပ်ရေး မတိုင်မှီက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အချုပ်သားဦးရေ ၂၆၂ ဦးသာ ဆန့်သော်လည်း အချုပ်သား ၂၈၂ ဦးရှိပြီး ရဲအုပ်တစ်ဦး အပါအဝင် ရဲအင်အား ၁၃ ဦးရှိ ရဲကင်း တစ်ခုဖြင့် ထိန်းသိမ်းရန် တာဝန် ပေးထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ သိရသည်။ 

နောက်ဆုံး ရရှိသော သတင်းများအရ ပျဉ်းမနား အချုပ်မှ အကျဉ်းသား အမျိုးသမီး ၃၁ ဦးနှင့် အမျိုးသား ၁၅၅ ဦးကို ရမည်းသင်း ထောင်သို့ ညတွင်းချင်း ပြောင်းရွှေ့ခဲကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

The Voice Weekly

No comments: